လက်နက်ကြီးပစ်မှုကြောင့် ထွက်ပြေးနေရသည့် မုန်းဒေသခံများ အရေးပေါ် အကူအညီလိုအပ်နေ
**************************************
သံလွင်ခက်
အောက်တိုဘာ ၃၀ ၊ ၂၀၂၃။
စစ်ကောင်စီတပ်များ၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ကေအဲန်ယူ−မုန်း မြို့နယ် ( မူးမြို့နယ် ) အုပ်ချုပ်နယ်မြေအတွင်းရှိ ဒေသခံများအနေဖြင့် အရေးပေါ်လူသားချင်းစာနာထောက်ထား မှုဆိုင်ရာအကူအညီများ လိုအပ်လျက်ရှိကြောင်း KNU က ယနေ့တွင် ထုတ်ပြန်သည်။
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ (ညောင်လေးပင်) ခရိုင် တပ်မဟာ ၃ ၊ မူး(မုန်း)မြို့နယ်အတွင်း စစ်ကောင်စီတပ်များက ကျေးရွာများကို လက်နက်ကြီးပစ်ခတ်မှုအပြင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA တပ်ဖွဲ့များ၏ ထိတွေ့တိုက်ပွဲများကြောင့် ဒေသခံပြည်သူ ၂၅၀၀ နီးပါး စစ်ဘေးရှောင်နေရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂၈ ရက် နေ့လယ် ၁၂ နာရီခွဲအချိန်တွင် ဒုံစရစ်အခြေစိုက် ခမရ – ၅၈၉၊ စကခ-၂၁ ဗန်းမော်လက်အောက်ခံ ရွှေကူအခြေစိုက် ခမရ−၆၀၂ တို့သည် ကေအဲန်ယူ−မူးမြို့နယ်အတွင်းရှိ သပြေညွှန့်စခန်း၊ မိုးပျံစခန်းတို့ကို လာရောက်ပူးပေါင်းခဲ့ကြသည်။
ထို့နောက် ည ၈ နာရီကျော်အချိန်တွင် သပြေညွှန့်စခန်းနှင့် ရဲစခန်းက လက်နက်ကြီး ၂ လုံး ကျေးရွာများအတွင်း ပစ်ခတ်ခဲ့ရာ ကျောက်ကြီးပေါက်ကျေးရွာဘေးကို ကျရောက်ပေါက်ကွဲခဲ့ပြီး ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် – KNLA၊ တပ်မဟာ ၃ လက်အောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များ၊ ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီ တပ်များအကြား တိုက်ပွဲ ၄ ကြိမ် ဖြစ်ပွားခဲ့သည်။
စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုများနှင့် တိုက်ပွဲများကြောင့် ကျောက်ကြီးပေါက်ကျေးရွာ၊ ဆမ်မန်းပေါက် ကျေးရွာ၊ သပြေညွန့်ကျေးရွာ၊ ရွှေပြည်သာကျေးရွာ၊ လေလံကုန်းကျေးရွာရှိ အိမ်ခြေစုစုပေါင်း ၃၂၉ အိမ်က လူဦး ရေစုစုပေါင်း ၂၀၅၂ ဦး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး အစားအစာနှင့် ဆေးဝါးများ အရေးပေါ်လို အပ်လျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အောက်တိုဘာလ ၂၀ ရက်တွင်လည်း စစ်ကောင်စီတပ် ခမရ – ၃၅၁ က နိုတောတာ (မရမ်းစိန်လေး) ကျေးရွာသို့ လက်နက်ကြီး ၅လုံး ပစ်ခတ်ခဲ့သည့်အချိန်ကစ၍ နိုတောတာ(မရမ်းစိန်လေး) ကျေးရွာရှိ အိမ်ခြေစုစုပေါင်း ၇၀ က လူဦးရေစုစုပေါင်း ၄၀၄ ဦး စစ်ဘေးရှောင်ခဲ့ရသည်။
ယနေ့အချိန်ထိ နေရပ်မပြန်နိုင်သေးသဖြင့် နေရာထိုင်ခင်း၊ အစားအစာနှင့် ဆေးဝါး အစရှိသည့် အရေးပေါ်အကူ အညီများ လိုအပ်လျက်ရှိသည်ဟု မူးမြို့နယ်အရေးပေါ် ကူညီကယ်ဆယ်ရေးကော်မတီ က ထုတ်ပြန်ထားသည်။
ပုံစာ − စစ်ကောင်စီတပ်များ၏ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ဒေသခံများ မြင်ကွင်း။
Photo − ခလယ်လွီထူခရိုင်−သတင်းနှင့်ပြန်ကြားရေး။
**************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2258
YouTube- > https://youtu.be/SpxIBpTYop8
Website -> https://thanlwinkhet.net/?p=6014