စစ်ကောင်စီက ရခိုင်တွင် လက်နက်စမ်းသပ်မှုပြုလုပ်
************************************
မိခိုင်၊ သံလွင်ခက်
အောက်တိုဘာ ၃၀၊ ၂၀၂၃။
ရခိုင်ပြည်နယ် မောင်တောနှင့် တောင်ကုတ်မြို့နယ်တို့၌ အောက်တိုဘာလ ၂၇ ရက်တွင် စစ်ကောင်စီက လက်နက်ကြီးစမ်းသပ်မှုပြုလုပ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၆ ရက်ကစတင်ပြီး ပုဏ္ဏားကျွန်း၊ တောင်ကုတ်၊ မောင်တော စသည့်မြို့နယ်များတွင် စစ်ကောင်စီက လက်နက်ကြီးစမ်းသပ်မည်ဟု ပြည်သူများထံအသိပေးထားကြောင်း ဒေသခံများကဆိုသည်။
“အသိပေးမှုကတော့ လုပ်ထားတယ်။ တောင်ကုတ်မှာဆို ၂၅ ရက်ကတည်းက လော်စပီကာနဲ့ အော်ထားတယ်။ လက်နက်ကြီးသံတော့ မကြားရဘူး။ လက်နက်ငယ်သံတွေပဲ ကြားရတယ်” ဟု တောင်ကုတ်ဒေသခံ ၁ ဦးကဆို သည်။
မောင်တောဘက်တွင်လည်း ယမန်နေ့က လက်နက်ကြီးပစ်ခတ်ခဲ့ကြောင်း ဒေသခံ ၁ ဦးက ဆိုသည်။ ပုဏ္ဏားကျွန်းတွင်တော့ လက်ရှိအချိန်ထိ စမ်းသပ်မှုမပြုလုပ်သေးသည့်အတွက် ဒေသခံများအနေဖြင့် စိုးရိမ်မှုရှိနေသေးကြောင်း ဒေသခံ ၁ ဦးက ပြောသည်။
” လက်နက်ကြီးစမ်းဖို့အတွက် ၅၅၀ တပ်က စမ်းမယ်ဆိုပြီးတော့ ၂၇ ရက်ကတည်းက ပြောထားတယ်။ အခုထိတော့ မစမ်းသေးဘူး။ စမ်းမယ်ဆိုပြီးတော့ ၅၅၀ အနီးအနားက သာစည်၊ ကျောက်ဆိတ်က ရေဖြူကန်က ရွာသား တွေကို တောတောင်တွေထဲမသွားဖို့ တားမြစ်တာတွေရှိတယ်။ အခုထိ မစမ်းသေးတော့ သွားလာလို့လည်း မရဘူး။ ဘာပဲဖြစ်ဖြစ် စိုးရိမ်မှုကတော့ ရှိနေကြတယ် ” ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလကလည်း ပုဏ္ဏားကျွန်းအခြေစိုက် ၅၅၀ တပ်ရင်းက လက်နက်ကြီး၊ ဒရုန်းများဖြင့် နေ့စဥ်ပစ်ခတ်ခဲ့သည့်အတွက် ဒေသခံ ၇၀၀၀ ဝန်းကျင် ထွက်ပြေးခဲ့ရဖူးသည်။
မင်းပြားဘက်တွင်လည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် မကြာခဏစမ်းသပ်ပစ်ခတ်မှုများပြုလုပ်နေပြီး ဒေသခံများကို အသိပေးထားခြင်းမရှိသည့်အတွက် စစ်ပွဲပြန်လည်ဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။
စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် AA တို့အကြား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကြောင့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်ကစတင်ပြီး တိုက်ပွဲများရပ်တန့်ခဲ့ သည်။
ရှမ်းပြည်မြောက်ပိုင်းတွင်လည်း ညီနောင်မဟာမိတ် ၃ ဖွဲ့ ဖြစ်သည့် TNLA ၊ MNDAA နှင့် AA တပ်များပူးပေါင်း ပြီး စစ်ကောင်စီကို 1027 စစ်ဆင်ရေးဖြင့် တိုက်ပွဲများဖော်ဆောင်နေပြီး ယင်းကို လက်တုံ့ပြန်သည့်အနေဖြင့် ရခိုင်ပြည် နယ်တွင် စစ်ကောင်စီက စစ်မျက်နှာပြန်ဖွင့်လာနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောဆိုကြသည်။
ဓာတ်ပုံ – ABN
ပုံစာ – ပုဏ္ဏားကျွန်းရှိ စစ်ကောင်စီတပ်သားများအားတွေ့ရစဥ်။
**************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2253
YouTube- > https://youtu.be/SpxIBpTYop8
Website -> https://thanlwinkhet.net/?p=5999