BPLAတပ်ရင်းပါဝင်သော ရှမ်းမြောက်တိုက်ပွဲတစ်ခုတွင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော်သေဆုံး
*************************
သံလွင်ခက်
အောက်တိုဘာ ၂၉ ၊ ၂၀၂၃ ။
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် BPLA သည်
ယမန်နေ့ အောက်တိုဘာလ ၂၈ ရက်၊ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့်တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၄၀ ကျော်သေဆုံး၍ ဗိုလ်ကြီးတစ်ဦးအပါအဝင် သုံးဦးဖမ်းဆီးရမိခဲ့သည်ဟု BPLA က ယနေ့တွင် သတင်းထုတ်ပြန်သည် ။
ရှမ်းမြောက်ဒေသရှိ မဟာမိတ်တပ်ဖွဲ့များနှင့် BPLA တပ်ဖွဲ့တို့ ပူးတွဲလှုပ်ရှားထိန်းချုပ်ရာနေရာတစ်ခုသို့ တပ်မ(၃၃)လက်အောက်ခံတပ်ရင်းဖြစ်သည့် စစ်ကိုင်းတိုင်းအခြေစိုက် ခမရ(၁၃)သည် အင်အား(၇၀)ခန့်ဖြင့် ချဥ်းကပ်လာသဖြင့် BPLA တပ်ရင်းနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။
တစ်နာရီကျော်ကြာတိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဘက်မှ ၂၀ ကျော်ကျဆုံးကာ တချို့မှာနီးစပ်ရာ ကျေးရွာများအတွင်းသို့ ထွက်ပြေးသွားခဲ့သည်။
ထို့နောက် မဟာမိတ်တပ်ဖွဲ့မှ စစ်ကူတချို့ရောက်လာပြီး တပ်ပေါင်းစုကာ ရွာထဲအိမ်များတွင် ပြည်သူများကို ဓားစာခံလုပ်ကာ ပုန်းအောင်းနေသော ရန်သူများကို တစ်အိမ်ချင်း ခက်ခဲစွာရှင်းလင်းခဲ့ရသည်ဟု BPLAက ဖော်ပြထားသည် ။
ညနေ(၅)နာရီတွင် တိုက်ပွဲကို အဆုံးသတ်ထိန်းချုပ်နိုင်ခဲ့ပြီး ရန်သူ့အလောင်း(၄၀)ကျော်ရရှိခဲ့သည့်အပြင် ဗိုလ်ကြီးနေလင်းအောင်အပါအဝင် စစ်သုံ့ပန်း(၃)ဦးကို အရှင်ဖမ်းဆီးနိုင်ခဲ့သည်ဟု BPLA က ထုတ်ပြန်ထားသည်။
အဆိုပါတနေ့တာတိုက်ပွဲအတွင်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)ကရဲဘော်(၄)ဦး ကျဆုံးခဲ့ရပြီး ရဲဘော်(၆)ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
တိုက်ပွဲအတွင်း၌ MA Series ရိုင်ဖယ်(၃၀)လက်၊ စက်ကလေး(၃)လက်၊ 40mm (၆)လက်/ကျည် ၈၀၊ 60mm (၂)လက်/ကျည် ၆၀၊ 80mm (၁)လက်၊ 100mm (၂)လက်/ကျည် ၁၀၊ RPG (၂)လက်/ကျည် ၁၀၊ ပစ္စတို (၂)လက်၊ Icom စက် (၃)လုံး၊ Drone detector (၁)ခု၊ WiFi Router (၁)ခု နှင့် အခြားစစ်အသုံးအဆောင်ပစ္စည်းအမျိုးမျိုးတို့ကို သိမ်းဆည်းရမိခဲ့သည် ။
ဓာတ်ပုံ-ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) ။