နှစ်ရက်တာ ထိုးစစ်အတွင်း စစ်ကောင်စီတပ်စခန်း ၄၀ နီးပါး သိမ်းပိုက်ရရှိခဲ့ဟု MNDAA ထုတ်ပြန်
*******************************
သံလွင်ခက်
အောက်တိုဘာ ၂၈ ၊ ၂၀၂၃ ။
မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ကိုးကန့်(MNDAA)သည် ယမန်နေ့ အောက်တိုဘာ ၂၇ ရက်၌ စတင်ခဲ့သည့် တစ်ရက်တာထိုးစစ်အတွင်း၌ စစ်ကောင်စီတပ်နှင့် ကိုးကန့်ရုပ်သေးအဖွဲ့တို့၏ တပ်စခန်းပေါင်း ၃၀ကျော်ကို သိမ်းပိုက်ပြီး ချင်းရွှေဟော်မြို့ကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်ဟု MNDAA၏ ကိုးကန့်သတင်းမီဒီယာက သတင်းထုတ်ပြန်သည်။
I’m
ယမန်နေ့၌ တစ်နေကုန်ဖြစ်ပွားခဲ့သည့်တိုက်ပွဲများ၌ စစ်ကောင်စီတပ်ဖွဲ့၏ အကြီးအသေး စခန်းပေါင်း၃၀ကျော် သိမ်းပိုက်နိုင်ခဲ့ပြီး ရန်သူရာချီကို ချေမှုန်းနိုင်ခဲ့သည့်အပြင် စစ်သုံ့ပန်း ၁၀ ဦးဖမ်းဆီးရရှိပြီး လက်နက်ခဲယမ်းအမြောက်အမြား သိမ်းဆည်းရရှိခဲ့သည်ဟု MNDAA ကဖော်ပြထားသည်။
MNDAA တပ်များသည် ယမန်နေ့ အောက်တိုဘာ၂၇ ရက် နံနက် ၃ နာရီ ၅၀ မိနစ်ခန့်၌ ကိုးကန့်တိုက်နယ်အတွင်းရှိ ချင်းရွှေဟော်ဒေသတွင် တိုက်ပွဲစတင်ဖြစ်ပွား ခဲ့ပြီး ချင်းရွှေဟော်တံတားမှာရှိသည့် စစ်ကောင်စီတပ်စခန်းတစ်ခုကို ဦးစွာသိမ်းယူခဲ့သည်။
ထို့နောက် ၇ နာရီ ၄၀ မိနစ် အချိန်တွင် ဟိုပန်တာချန်ခုတ် ၊ ချင်းရွှေဟော်နယ်စပ်ဂိတ် ၊ မာလူအိုက်ဖိုင် ၊ ပိုက်ထာ ပေါက်ပေါက် ၊ နန်တောင်ဟော်တောင်ကုန်း စသည့်စစ်ကောင်စီ တပ်စခန်းများကို တပြိုင်နက်သိမ်းယူ နိုင်ခဲ့သည်။
တိုက်ပွဲသည် နေ့လည် ၁၁ နာရီအချိန်ထိ ဖြစ်ပွားခဲ့ပြီး ဟိုပန် နှင့် နမ်ဟူဒေသကိုဆက်သွယ်နေသော ဟိုပန်တံတားကြီးကိုလည်း ဖောက်ခွဲ နိုင်ခဲ့သည်ဟု သိရသည်။
အခြား တစ်ဖက်တွင်းလည်း နံနက် ၆ နာရီ ၃၀ မိနစ်အချိန်၌ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ကိုးကန့်(MNDAA)တပ်သည် စစ်ကောင်စီတပ်ဖွဲ့၏တပ်စခန်းတည်ရှိသော ကြာမိန်ခုတ်ဒေသကို စတင်ထိုးစစ်ဆင်တိုက်ခိုက်ပြီး နေ့လည် ၁၂ နာရီ ၅၀ မိနစ်ခန့်အချိန်တွင် ၎င်းတပ်စခန်းကိုသိမ်းယူနိုင်ခဲ့ပါသည်။ ထို့နောက် ညနေ ၂ နာရီ ၃၀ မိနစ်ခန့် မာဟွာချင်းရာခုတ်ဒေသကို ထိုးစစ်ဆင်တိုက်ခိုက်သိမ်းယူနိုင်ခဲ့သည်။
အလားတူ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ကိုးကန့်(MNDAA)တပ်များသည် နမ်ဖာရှမ်းတိုက်ပွဲ ၊ ကန့်ဝမ်ထန်ရွာ နှင့် ခုမာရွာကြား ကုတ်ထုတ်ပေါက်ပေါက်တောင်ကုန်းတိုက်ပွဲ ၊
ကြာကြည်ရှု့တိုက်ပွဲ ၊ မုံးကိုးတိုက်ပွဲ ၊ ကွတ်ခိုင်ခရိုင်တိုက်ပွဲ ၊ မူပန်ခရိုင်တိုက်ပွဲများကို တစ်ပြိုင်တည်းဆင်နွှဲခဲ့ပြီး အဆိုပါဒေသများ၌လည်း တပ်စခန်းများကို သိမ်းယူနိုင်ခဲ့သည့်အပြင် စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းများစွာကို သိမ်းပိုက်ရရှိခဲ့သည်။
ယနေ့ အောက်တိုဘာ ၂၈ ရက်တွင်လည်း မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ကိုးကန့်(MNDAA)တပ်များသည် ကျန်ရှိသည့် စစ်ကောင်စီစခန်းများကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ မုံးကိုးမြို့နယ်၊ ပန်ဆိုင်းဒေသ၊ Man Bing ကျေးရွာရှိ စစ်ကောင်စီတပ်စခန်း သိမ်းပိုက်ရရှိခဲ့ပြီး ချင်းရွှေဟော် မြို့နယ်စစ်ကောင်စီ၏ Ma Jia Di(马家地)တပ်စခန်းကို သိမ်းပိုက်ခဲ့ရသည့်အပြင် သံချပ်ကာတင့်ကားနှစ်စီးကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ဟု MNDAAက ထုတ်ပြန်ထားသည် ။
ထို့ပြင် ယနေ့အောက်တိုဘာ ၂၈ ရက်၌ ချင်းရွှေဟော်မြို့၊နမ့်ကျွမ်း စစ်စခန်း ၊ စစ်ကောင်စီ၏ “ ရှောက်ရင်းဖန်”ဒေသရှိ တပ်စခန်း ၊ မုံးကိုးတိုက်နယ် “နန်ဟာ”ဒေသရှိ စစ်ကောင်စီတပ်စခန်း ၂ ခုတို့ကို တိုက်ခိုက်သိမ်း ပိုက်ခဲ့သည်။
ယနေ့ဆင်နွှဲခဲ့သောစခန်းသိမ်းတိုက်ပွဲများအတွင်း၌ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိမှု ၊ စစ်သုံ့ပန်းများ ဖမ်းဆီးရရှိမှုနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဆယ်ချီသေဆုံးမှုများကို ဓာတ်ပုံ၊ ဗီဒီယို များနှင့်တကွ MNDAA က ထုတ်ပြန်ထားသည် ။
**************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2237
YouTube- > https://youtu.be/SpxIBpTYop8
Website -> https://thanlwinkhet.net/?p=5982