တရားမဝင်နယ်စပ်ဖြတ်ကျော်သည့် မူဆလင်များ မကြာခဏဖမ်းဆီးခံနေရ
*********************************************************************
မိခိုင်၊ သံလွင်ခက်
အောက်တိုဘာ၂၄၊ ၂၀၂၃။
ဘင်္ဂလားဒေရှ့်နိုင်ငံရှိ ဒုက္ခသည်( IDP )စခန်းများက ရခိုင်ပြည်သို့ တရားမဝင် ပြန်ဝင်လာသည့် မူဆလင်များနှင့် မလေးရှားထွက်ခွာမည့်မူဆလင်များကို စစ်ကောင်စီက မကြာခဏ ဖမ်းဆီးမှုများရှိနေသည်ဟု သိရသည်။
မူဆလင်များကို ရသေ့တောင်ရေကြောင်းလမ်း၊ ဘူးသီးတောင်နှင့် မောင်တောဘက်တွင် စစ်တပ်က နေ့စဥ်ဆိုသလို ဖမ်းမိနေခြင်းဖြစ်သည်။
ယခုကဲ့သို့ ဖမ်းမိနေသော်လည်း မူဆလင်များအနေနှင့် ပွဲစားအကူအညီဖြင့် ပြည်ပသို့ နေ့စဥ်ခိုးထွက်လျက် ရှိကြောင်း ဘင်္ဂလားဒေရှ့်ဒုက္ခသည်စခန်းရှိ မူဆလင်ဒုက္ခသည် ၁ ဦးက ဆိုသည်။
” စားဝတ်နေရေး အဆင်မပြေတော့ အလုပ်ရဖို့အတွက် ရှာကြတာပါ။ ပွဲစားကနေတဆင့် သွားကြတာများတယ်။တချို့က အဖမ်းခံရတယ်။ တချို့ကျလွတ်သွားတယ်ပေါ့ “ဟု ၎င်းက ပြောသည်။
တချို့မှာလည်း ဒုက္ခသည်စခန်းများ၌ စားဝတ်နေရေးအဆင်မပြေသည့်အတွက် နယ်စပ်ခြံစည်းရိုးဖြတ်ကျော်ပြီးရခိုင်ပြည်နယ်သို့ ပြန်လည်ဝင်ရောက်လာချိန်တွင် အဖမ်းခံကြရသည်။
ပွဲစားများက မူဆလင်လူငယ်များအား ငွေကြေးပေးစရာမလိုဘဲ အခမဲ့ပို့ပေးမည်ဟု ပြောသည့်အတွက် ထွက်ခွာသူများလည်းရှိကြောင်း မူဆလင်ဒုက္ခသည် ၁ ဦး ကဆိုသည်။
“ပွဲစားတွေက ပိုက်ဆံ သူ စိုက်ပေးမယ်။ အဲဒီရောက်ရင်ဆပ်ဆိုပြီး ပါသွားပြီးမှ ရောင်းစားခံရတယ်။ တချို့ကသမီးရည်းစားအဖြစ်နဲ့ လိမ်ခေါ်သွားတယ်။ သူတို့ကတဆင့် ကာမလိမ်လည်မှုကိုလည်း ကျူးလွန်တယ်။ နောက်ပြီးကလေးမတွေကိုရောင်းစားလိုက်တာလည်း ရှိတယ် “ဟု ပြောသည်။
တချို့မှာ ပွဲစားအလိမ်ခံလိုက်ရသည့်အတွက် လမ်းတဝက်က ပြန်လာရသူများလည်းရှိသည်ဟု ပွဲစားအလိမ် ခံရသူနှင့်နီးစပ်သည့် ဒုက္ခသည်အမျိုးသမီး ၁ ဦးက ဆိုသည်။
” ပွဲစားတွေက လူ ၁၀၊ ၂၀ ခေါ်မယ်။ ပိုက်ဆံက တစ်ယောက်ကို ၅၀၀,၀၀၀ ပဲ ပြောတယ်။ ဒီက လူတွေက ပိုက်ဆံတွေ အကုန်ချေးတဲ့သူကချေးနဲ့ စုပေးလိုက်တယ်။ နောက်ပြီး မပေါ်လာတော့ဘူး။ ငွေတွေ လိမ်ပြီး ပြေးသွားတယ်။ပိုက်ဆံမရှိတော့ တရားမဝင်လမ်းက သွားကြတယ်” ဟု ၎င်းကပြောသည်။
ရခိုင်ပြည်နယ်သို့ တရားမဝင်လမ်းကြောင်းကခိုးဝင်သဖြင့် ဖမ်းဆီးခံနေရသည့် မူဆလင်များအား စစ်ကောင်စီကတရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှု လဝက အက်ဥပဒေဖြင့် အမှုဖွင့်အရေးယူနေသည်ဟု သိရသည်။
ဘင်္ဂလားဒေရှ့်နိုင်ငံတွင်ရှိနေသည့် မူဆလင်ဒုက္ခသည်များ နေရပ်ပြန်ရေးကိစ္စနှင့်ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ့်အစိုးရနှင့် စစ်ကောင်စီတို့ ပူးပေါင်းဆောင်ရွက်နေကြသော်လည်း လက်ရှိအချိန်ထိတော့ ပြန်မလာနိုင်ကြသေးပေ။
ဓာတ်ပုံ – ရခိုင့်နေ့စဥ်။
ပုံစာ – နယ်စပ်ဖြတ်ကျော်လာသည့် မူဆလင်များအားတွေ့ရစဥ်။
**************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2211
YouTube- > https://youtu.be/SpxIBpTYop8
Website -> https://thanlwinkhet.net/?p=5947