ချင်းတောင်ဘက်ဦးတည်လာတဲ့ စစ်ကောင်စီယာဥ်တန်း ၁ လနီးပါးကြာသည်အထိ ချင်းနယ်စပ်မရောက်နိုင်သေး
*****************************
သံလွင်ခက်
အောက်တိုဘာ ၂၅ ၊ ၂၀၂၃ ။
ချင်းပြည်နယ်တောင်ပိုင်းဘက်ကိုဦးတည်ထွက်ခွာလာတဲ့ စစ်ကောင်စီယာဥ်တန်းဟာ အချိန် ၁ လနီးပါးကြာတဲ့အထိ ချင်းနယ်စပ် ကျောက်ထုတပ်ထဲကို ရောက်မလာသေးဘူးလို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကသိရ ပါတယ် ။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ ရက်က မကွေးတိုင်း၊ ပခုက္ကူအခြေစိုက် စစ်ကောင်စီရဲ့ တပ်မ ၁၀၁ ထဲကနေ ကားအစီးရေ ၇၀ ကျော်နဲ့ထွက်လာတဲ့ စစ်ကောင်စီယာဥ်တန်းဟာ လက်ရှိအချိန်ထိ ပေါက်မြို့နယ်ထဲမှာပဲ ရှိနေသေးတာပါ။
” ယာဥ်တန်းက ပေါက်မှာပဲရှိသေးတယ်။ ကျောက်ထုကိုမရောက်သေးဘူး ။ သူ့ရဲ့လူတွေပေါ့ ဘယ်လိုပြောမလဲယာဥ်တန်းလာရင် ရှေ့ပွိုင့်အနေနဲ့လာတဲ့ ကျောက်ထုထဲကဟာတွေကတော့ ကျောက်ထုနဲ့ ပေါက်ကြားမှာတော့ ရှိတာပေါ့။ ဟိုသွား ဒီသွားတွေ ရှိနေကြတယ်။ ကြာတော့ကြာနေပြီ ” လို့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦးကပြောပါတယ် ။
မတူပီဗျူဟာအပါအဝင် ချင်းတောင်ပိုင်းက စစ်ကောင်စီတပ်တွေအတွက် စစ်လက်နက်၊ ရိက္ခာတွေ ပို့ဆောင်ဖို့ စစ်ကောင်စီဟာ ပခုက္ကူ–ပေါက်–ကျောက်ထု–မင်းတပ် လမ်းကြောင်းကို အဓိကအသုံးပြုနေတာဖြစ်ပါတယ် ။
ဒါပေမယ့် အဲဒီလမ်းကြောင်းတစ်လျှောက်မှာရှိတဲ့ ကာကွယ်ရေးတပ်တွေက စစ်ကောင်စီယာဥ်တန်းတွေကို မိုင်းဆွဲတာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ ပြုလုပ်နေတာကြောင့် ခရီးမတွင်ဘဲ ဖြစ်နေပါတယ် ။
စစ်ကောင်စီယာဥ်တန်းတွေဟာ မကွေးနဲ့ချင်းအစပ်ဖြစ်တဲ့ ကျောက်ထုနယ်ထဲကို ခက်ခက်ခဲခဲ ဖြတ်သန်း နေရသလိုကျောက်ထုထဲ ရောက်နိုင်ခဲ့ရင်လည်း ကျောက်ထု–မင်းတပ်– မတူပီ လမ်းကြောင်းကို ရှေ့ဆက်ဖို့က ပိုလို့ခက်ခဲတဲ့အခြေအနေပါ။
အခုနှစ် မေလပိုင်းလောက်မှာလည်း ပခုက္ကူကနေထွက်လာတဲ့ စစ်ကောင်စီယာဥ်တန်း အစီး ၁၀၀ ကျော်ဟာကျောက်ထုတပ်ထဲကနေ မင်းတပ်အခြေစိုက် ခလရ ၂၇၄ အထိပဲရောက်ခဲ့ပါတယ် ။
” အရင်အခေါက်လာတဲ့ ကားတွေက မင်းတပ်ကနေ ကျောက်ထုဘက်ပြန်ဆင်းသွားတယ်။ မတူပီဘက်ကို မတက်နိုင်ခဲ့ဘူး “လို့ မင်းတပ် CDF တပ်ဖွဲ့ဝင် ၁ ဦးကပြောပါတယ် ။
စစ်ကောင်စီယာဥ်တန်းတွေအထိနာအောင် အကြိမ်ကြိမ်တိုက်ခိုက်ထားနိုင်ခဲ့တဲ့ မင်းတပ်နဲ့ မတူပီကြား ကားလမ်းကြောင်းကို စစ်ကောင်စီရဲ့ ရိက္ခာယာဥ်တန်းတွေ မဖြတ်နိုင်တာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မတ်လကတည်းကပါ။
ဓာတ်ပုံ-Pauk Newsletter
**************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2198
YouTube- > https://youtu.be/SpxIBpTYop8
Website -> https://thanlwinkhet.net/?p=5925