လားရှိုးမြို့က DENKO ဆီဆိုင် ဗုံးပေါက်ကွဲမှုဖြစ်
********
သံလွင်ခက်
စက်တင်ဘာ ၂၈၊ ၂၀၂၃။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ပြင် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ DENKO စက်သုံးဆီဆိုင်တွင် ယမန်နေ့ညနေ ၅ နာရီခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံက စုံစမ်းသိရှိရသည်။
ယင်းဖြစ်စဉ်ကြောင့် အမျိုးသား ၂ ဦး သေဆုံးပြီး ၁၁ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံ အမျိုးသား ၁ ဦးက ပြောသည်။
၎င်းက “ဆိုင်ကယ် ၁ စီးက ဆီလာဖြည့်တဲ့အချိန်မှာ ပေါက်ကွဲမှု ဖြစ်သွားတာ။ အရင်ကပေါက်ကွဲမှုဖြစ်ဖူးတဲ့ဖြစ်စဉ်နဲ့အတူတူဖြစ်နေတယ်။ အခုပေါက်ကွဲမှုကလည်း ဆိုင်ကယ်ကနေပဲ စ ဖြစ်တယ်ဆိုတော့ တစ်ဖွဲ့တည်း ဖြစ်နိုင်တယ်”ဟု ပြောသည်။
DENKO ပန့်ဆီဆိုင်သည် စစ်ကောင်စီနှင့် မလွတ်ကင်းသည့်အတွက်ကြောင့် ထိုကဲ့သို့ဆောင်ရွက်ခြင်းလည်း ဖြစ်နိုင်သည်ဟု ၎င်းက ဆက်ပြောသည်။
ဒဏ်ရာရရှိသည့် ခရီးသည် ၁၁ ဦးကို လားရှိုးမြို့ ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားသည်ဟု ကူညီကယ်ဆယ်ရေးဆောင်ရွက်သူ ၁ ဦးထံက သိရသည်။
အခြားမျက်မြင်တွေ့ရှိသူတစ်ဦးက “ဗုံးပေါက်ကွဲမှုတစ်ခုတင်မဟုတ်ဘူး။ ဆီပန့်တွေလည်း ပေါက်ကွဲကုန်တယ်။ ၂ယောက်သေဆုံးတယ်လို့သာ သတင်းထွက်နေတာ။ အဲ့ထက်တော့ မကဘူး။ ၅ ယောက်လောက်ရှိတယ်“ဟုပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၅ ရက်ကလည်း လားရှိုးမြို့မဈေး၊ ဇွဲထက်ရွှေဆိုင်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ဝန်ထမ်း ၁ဦးသေဆုံးကာ ၁၂ ဦးဒဏ်ရာရရှိခဲ့သလို စက်တင်ဘာလ ၁၉ ရက်ကလည်း ရပ်ကွက် ၂ ရှိ CS ဟိုတယ်ရှေ့တွင် ဗုံးပေါက်ကွဲပြီး ၅ ဦး ဒဏ်ရာရကာ အမျိုးသား ၁ ဦး ပွဲချင်းပြီးသေဆုံးခဲ့သည်။
လားရှိုးမြို့သည် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KIA)၊ ကိုးကန့်တပ်ဖွဲ့ (MNDAA)၊ စစ်ကောင်စီနှင့်ပြည်သူ့စစ်များ လှုပ်ရှားနေသည့် နယ်မြေတစ်ခုလည်း ဖြစ်သည်။
Photo-NK Facebook
**************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2065
YouTube- > https://youtu.be/SpxIBpTYop8
Website -> https://thanlwinkhet.net/?p=5754