သံလွင်ခက်
စက်တင်ဘာ ၂၈၊ ၂၀၂၃။
ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် ပညာရေးမှူးရုံးတို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ကို ယမန်နေ့ စက်တင်ဘာ ၂၇ ရက်နေ့က သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ချင်းလဲန်းကာကွယ်ရေးတပ် CDF ကန်ပက်လက်က ထုတ်ပြန်ခဲ့သည်။
အင်အား ၃၀ ခန့်ရှိသည့် ထွေအုပ်ရုံးကို ၅ နာရီကြာပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးသည်ကို အတည်ပြုနိုင်ခဲ့သည်ဟု ချင်းလဲန်းကာကွယ်ရေးတပ် ကန်ပက်လက်၏ တပ်မဟာမှူးဖြစ်သူ ဆလိုင်းထွန်းလိန်းထန်းက သံလွင်ခက်ကို ပြောသည်။
“အဲဒီထွေအုပ်ရုံးတိုက်ပွဲမှာ စစ်ကောင်စီဘက်က ရန်သူ့တပ်သား ၃ဦး သုတ်သင်နိုင်ခဲ့ပါတယ်၊ Sniper နဲ့ ပစ်ခတ်ခဲ့တာပါ” ဟု ပြောသည်။
အဆိုပါ ထွေအုပ်ရုံးကို သိမ်းပိုက်နိုင်ရန် ကြိုးပမ်းခဲ့ကြသော်လည်း ခေတ်မီလက်နက်အင်အား မလုံလောက်မှုများကြောင့်ပြန်လည်နောက်ဆုတ်ခဲ့ရသည်ဟု ၎င်းက ဆက်ပြောသည်။
ထို့နောက် အင်အား ၂၀ ကျော်ဖြင့် ကန်ပက်လက်မြို့ ပညာရေးမှူးရုံးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကိုလည်း CDFများက တစ်နာရီခန့်ကြာအောင် သွားရောက်တိုက်ခိုက်ခဲ့သည်။
အဆိုပါတိုက်ခိုက်မှုအတွင်း၌ စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း အတည်မပြုနိုင်သေးဘူးဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက
သိရသည်။
ကန်ပက်လက်မြို့ရှိ ထွေအုပ်ရုံးနှင့် ပညာရေးမှူးရုံးတို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အာဏာသိမ်းကာလအတွင်း၌ တပ်စွဲထားရာ ကာကွယ်ရေးတပ်ဖွဲ့ဝင်များက မကြာခဏ သွားရောက် တိုက်ခိုက်လျက် ရှိသည်ဟု ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ ကန်ပက်လက်၏ တပ်မဟာမှူးက သံလွင်ခက်ကို ပြောသည်။
ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်သည် အိမ်ထောင်စု လေးထောင်ခန့်ရှိပြီး လူဦးရေ နှစ်သောင်းကျော်ခန့်ရှိသည့်မြို့နယ်တစ်ခုဖြစ်သည်။
စစ်တပ်အာဏာသိမ်းပြီးနောက် မြို့တွင်းတိုက်ပွဲများကြောင့် မြို့တွင်းရှိ ဒေသခံတချို့ တိုက်ပွဲတိမ်းရှောင်နေကြရပြီး ယမန်နေ့တိုက်ပွဲများအတွင်း၌လည်း မြို့ခံ ပြည်သူတချို့ ထွက်ပြေးရှောင်တိမ်းကြရသည်ဟု သိရသည်။
ပုံစာ – ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ ကန်ပက်လက်က ရဲဘော်များ ။
**************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2059
YouTube- > https://youtu.be/SpxIBpTYop8
Website -> https://thanlwinkhet.net/?p=5743