သံလွင်ခက်
စက်တင်ဘာ ၂၇ ၊ ၂၀၂၃။
ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ် မန်နိမ့်အွန်အုပ်စု၊ ငေါ့ငါးကျေးရွာကို ယမန်နေ့က စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲခဲ့ပြီး ဒေသခံနေအိမ်တချို့ ထိခိုက်ပျက်စီးသွားသည်ဟု ဒေသခံများထံက သိရသည်။
လေယာဥ်ဖြင့်ဗုံးကြဲပြီးနောက် နမ့်ဖတ်ကာရွာအခြေစိုက် ခြေလျင်တပ်ရင်း အမှတ် ၁၂၃ က ငေါ့ငါးကျေးရွာဘက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
၎င်းက “တိုက်ပွဲဖြစ်တာမဟုတ်ဘူး။ စကစ က လေယာဥ် ၂ စီးနဲ့ ရွာပတ်ပတ်လည်ကို ပတ်ပြီး ဗုံးကြဲသွားတာ။ လူထိခိုက်မှုတော့ မရှိဘူး။ ဒေသခံတွေက ဗုံးခိုကျင်းမှာ ဝင်ပုန်းနေရတယ်”ဟု ပြောသည်။
ယနေ့နံနက်ပိုင်းထိ စစ်ရေးအခြေအနေ ငြိမ်နေသော်လည်း စစ်ကောင်စီတပ်များ၏ လက်နက်ကြီးပစ်ခတ်မှုများ ရှိလာမည်ကို ဒေသခံများကစိုးရိမ်နေသည်ဟု ၎င်းက ဆက်ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁ ရက်ကလည်း စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသား ၂ ဦးသေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
လတ်ရှိအချိန်မှာတော့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် စစ်ကောင်စီအကြား ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လေကြောင်းသုံးတိုက်ခိုက်မှုများ မကြာခဏ လုပ်ဆောင်လာသည်။
Photo. PSLF / TNLA (စစ်ကောင်စီလေကြောင်းသုံးဗုံးကြဲမှုမြင်ကွင်း )
**************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2056
YouTube- > https://youtu.be/SpxIBpTYop8
Website -> https://thanlwinkhet.net/?p=5737