ယမင်းဖူးပွင့်အောင်
စက်တင်ဘာ ၂၆၊ ၂၀၂၃။
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်ရှိ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ၏ တပ်မဟာ၁ တပ်စခန်းဖြစ်သည့် လွယ်မောက်တပ်စခန်း လေကြောင်းတိုက်ခံခဲ့ရသည်ဟု PSLF/TNLA က ထုတ်ပြန်လိုက်သည်။
TNLA ပြန်ကြားရေးတာဝန်ခံ ဒုဗိုလ်မှူးကြီးတာအိုက်ကျော်က “ တိုက်ပွဲရပ်တာတော့မဟုတ်ဘူး။ တိုက်ပွဲမဖြစ်တာပေါ့နော်။ အခုတိုက်ပွဲဖြစ်တဲ့နေရာမှာတော့ ဒရုန်းတွေ လက်နက်ကြီးတွေနဲ့ တောက် လျှောက်ပစ်ခတ်မှုတွေတော့ ရှိနေတယ်။ ကျွန်တော်တို့က ပြန်မပစ်တာပဲရှိတယ်။ နေ့တိုင်းပစ်တာတွေရှိပါတယ်” ဟု သံလွင်ခက်ကိုပြောသည်။
ယမန်နေ့ စက်တင်ဘာလ ၂၅ ရက်တွင် စစ်ကောင်စီလေတပ်က ဂျက်ဖိုက်တာ ၃ စီးဖြင့် လာရောက်ဗုံးကြဲခဲ့ ခြင်းဖြစ်ပြီး လူထိခိုက်မှုမရှိသော်လည်း TNLA တပ်စခန်း၏ အဆောက်အဦး အချို့ ထိခိုက်ပျက်စီးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စက်တင်ဘာလ ၂၅ ရက် ည ၁၀ နာရီ ၁၅ မိနစ်တွင်တစ်ကြိမ်၊ ည ၁၀ နာရီ ၂၃ မိနစ်တွင်တစ်ကြိမ် စစ်ကောင်စီလေတပ်က တအာင်းတပ်စခန်းရှိရာနေရာနှင့် မန်ကန်ရွာ၊ နမ့်ငူးရွာအနီးသို့ ဂျက်ဖိုက်တာ ၂ စင်းဖြင့် ဗုံး ၄ လုံး လာရောက်ကြဲချခဲ့သည်ဟု သိရသည်။
ထို့နောက် ၁၀ နာရီခွဲအချိန်တွင် တံတားဦးလေဆိပ်မှ ဂျက်ဖိုက်တာ ၁ စီးက မူဆယ်မြို့နယ်ရှိ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – TNLA ၏ တပ်မဟာ ၁ တပ်စခန်းဖြစ်သည့် လွယ်မောက်တပ်စခန်းအား ပေါင် ၅၀၀ဗုံးသီး ၂ လုံးဖြင့် ထပ်မံလာရောက်ဗုံးကြဲခဲ့ခြင်းဖြစ်သည်။
မူဆယ်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် TNLA အကြား တိုက်ပွဲမဖြစ်ပွားခဲ့သည်မှာ ရက်အတန်ကြာ ခဲ့ပြီးနောက်တွင်မှ ယခုကဲ့သို့ ဂျက်ဖိုက်တာများဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။
**************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2045
YouTube- > https://youtu.be/SpxIBpTYop8
Website -> https://thanlwinkhet.net/?p=5732