သံလွင်ခက်
စက်တင်ဘာ ၁၉ ၊ ၂၀၂၃ ။
ထိုင်း–ကရင်နီနယ်စပ် မယ့်စဲမြို့နယ်တွင် ဖမ်းဆီးရမိပြီး ထိန်းသိမ်းထားခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏မိသားစုဝင် ၉ ဦးအား လမ်းစရိတ်များပေး၍ လုံခြုံစိတ်ချရသည့်နေရာသို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်ဟု ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်က ယနေ့တွင် သတင်းထုတ်ပြန်သည်။
ပြီးခဲ့သော ဇွန်လ ၁၆ရက်တွင် ပြည်သူ့ကာကွယ်ရေးတပ်–ဒီးမော့ဆို (DMO-Local PDF)တပ်ဖွဲ့က မယ်စဲ့မြို့အတွင်း ကင်းလှည့်လှုပ်ရှားနေစဉ် ရဲစခန်းမှတိမ်းရှောင်ထွက်ပြေးလာသော စစ်တပ်မိသားစုနှင့် ရဲမိသားစု ဝင်စုစုပေါင်း ၉ ဦးအား ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူများအနက် ရဲတပ်ကြပ်ကြီးဇနီးဖြစ်သူက ၎င်း၏အမျိုးသားနှင့် ရဲတပ်ဖွဲ့ဝင်များ ပြည်သူနှင့်ပူးပေါင်းပြီး CDM ပြုလုပ်ရန်အတွက် အဆိုပါ ဇွန်လ ၁၆ ရက်တွင်ပင် ၎င်းတို့ကိုယ်တိုင် ရဲစခန်းအထိသွားရောက်ပြီး စာပို့ခဲ့သော် လည်း ရဲစခန်းကအရာရှိသည် ပေးစာကိုသာလက်ခံပြီး ၎င်း၏အမျိုးသားနှင့် တွေ့ခွင့်မပြုခဲ့ပေ။
ထိုအမျိုးသမီးကပင် ၎င်း၏အမျိုးသား ရဲတပ်ကြီးထံ ထပ်မံသွားရောက်ပြီး စာပေးပို့လိုကြောင်း တောင်းဆိုလာပြန် သောကြောင့် ဇွန်လ ၁၇ ရက်တွင် အဆိုပါရဲတပ်ကြပ်ကြီး၏ဇနီးအား သွားရောက်ခွင့်ပြုခဲ့သည်။
သို့သော် ယခင်အကြိမ်အတိုင်း လုံးဝလက်ခံတွေ့ဆုံခွင့်မပြုခဲ့ဘဲ ၂ ကြိမ်တိုင်တိုင် ငြင်းပယ်ခံခဲ့ရသည်။ အဆိုပါ စစ်ကောင်စီမိသားစုဝင်များကိုဖမ်းဆီးထိန်းသိမ်းပြီး ၁ ပတ်ကျော်အကြာ ဇွန်လ ၂၃ ရက်တွင် ကယား(ကရင်နီ)ပြည်ပူးပေါင်းတော်လှန်ရေးအင်အားစုများက မယ်စဲ့ရဲစခန်းနှင့် မယ်စဲ့တောင်ပေါ် စစ်တပ်စခန်းအား ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ချိန်မှာတော့ ၎င်းတို့၏ အမျိုးသားများအားလုံး သေဆုံးခဲ့သည်ဟု သိရှိရသည်။
ဖမ်းဆီးထိန်းသိမ်းထားသောမိသားစုဝင်များက ၎င်းတို့အား မယ်စဲ့စခန်းသို့ ပြန်မပို့ပါရန် တောင်းဆိုလာသောကြောင့် ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်က ၎င်းတို့အား ခက်ခဲစွာဖြင့်ခေါ်ဆောင်လာကာ လုံခြုံသည့်နေရာတွင်ထိန်းသိမ်းထားခဲ့သည်။
ဖမ်းဆီးထိန်းသိမ်းထားစဉ်ကာလအတွင်း ၎င်းတို့အား ခြိမ်းခြောက်ခြင်း၊ ရိုက်နှက်ခြင်း၊ နှိပ်စက်ခြင်းများ လုံးဝမပြုလုပ်ဘဲ လိုအပ်သည့်အစာအစား၊ အဝတ်အထည်၊ အသုံးအဆောင်ပစ္စည်းများနှင့် ကျန်းမာရေး စောင့်ရှောက်မှုအား တပ်ဖွဲ့နှင့်တန်းတူထားရှိခဲ့သည်ဟု ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်က ဖော်ပြထားသည်။
ဖမ်းဆီးထိန်းသိမ်းခံထားရသော စစ်ကောင်စီတပ်ဖွဲ့ဝင်မိသားစုများမှာ ယမန်နေ့ စက်တင်ဘာ ၁၈ ရက်တွင် ၎င်းတို့နေရပ်သို့ ပြန်လိုသည်ဟု တင်ပြတောင်းဆိုလာသောကြောင့် ၎င်းတို့၏ဆန္ဒအရ ပြည်သူ့ကာကွယ်ရေးတပ်း–ဒီးမော့ဆို (DMO-Local PDF)တပ်ဖွဲ့က လမ်းစရိတ်အတွက် ငွေ ၅၀,၀၀၀ ကျပ်နှင့်အတူ လုံခြုံသည့်နေရာ တစ်ခု သို့ကောင်းမွန်စွာပို့ဆောင်ပေးခဲ့သည်။
**************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1993
YouTube- > https://youtu.be/SpxIBpTYop8
Website -> https://thanlwinkhet.net/?p=5644