ယမင်းဖူးပွင့်အောင်
စက်တင်ဘာ ၅၊ ၂၀၂၃။
ဧရာဝတီတိုင်း ရေကြည်မြို့နယ် အသုတ်မြို့တွင် NLD ပါတီဝင် ရပ်ကွက်ဥက္ကဋ္ဌတစ်ဦး ဖမ်းဆီးခံရပြီးနောက်သေဆုံးသွားသည်ဟု ဒေသခံများထံက သိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင် ရပ်ကွက်ဥက္ကဋ္ဌ ဦးအောင်မြင့်စိုး ကို ပြီးခဲ့သည့် ဩဂုတ်လ ၃၀ ရက်က အသုတ်မြို့၊ အမှတ် ၄ ရပ်ကွက်ရှိ သူ၏နေအိမ်တွင် လာရောက်ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်ဟု မိသားစုနှင့်နီးစပ်သူတစ်ဦးက သံလွင်ခက်ကိုပြောသည်။
“အသုတ်စခန်းကို အရင်ခေါ်တယ်။ အသုတ်စခန်းမှာ အရင်နှိပ်စက်တယ်။ ပြီးတော့ ရေကြည် ကျုံပျော်စစ်တပ်ကိုရောက်တယ်။ အသက်ဆုံးရှုံးတဲ့အချိန်မှာလည်း လုံးဝအလောင်းပြန်မပေးဘူး။ အရိုးပြာပဲ ပြန်ပေးတယ်” ဟုပြောသည်။
ဩဂုတ်လ ၃၀ ရက်တွင် အသုတ်မြို့၊ ရဲစခန်းမှူး လက်ဖက်ရည်ဆိုင်ထိုင်နေစဉ် အမည်မသိ လူတစ်စုက လက်ပစ်ဗုံးဖြင့် လာရောက်ပစ်ခဲ့ပြီးနောက် ဦးအောင်မြင့်စိုး အပါအဝင် ပြည်သူ ၇ ဦးခန့်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက စွပ်စွဲဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
“ဖြစ်ပြီဆိုတိုင်း တွေ့ရာကြုံရာအကုန်လုံးကို ရမ်းပြီး အဖမ်းပြတာပေါ့။ လက်ရှိအချိန်အထိ ဖမ်းဆီးခံရသူ ၅ ဦးကနေ ၁၀ ဦးကြားရှိတယ်” ဟု ဒေသခံတစ်ဦးကပြော သည်။
ဖမ်းဆီးခံရပြီးနောက် ၄ ရက်အကြာ စက်တင်ဘာလ ၃ ရက်၊ ညပိုင်းတွင် ဦးအောင်မြင့်စိုး သည် ပြင်းထန်ဒဏ်ရာဖြင့် အသက်ဆုံးရှုံးခဲ့ပြီး ရုပ်အလောင်းလည်း ပြန်လည်မရရှိခဲ့ဟု ၎င်းက ဆက်ပြောသည်။
ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း အသုတ်မြို့ အမှတ် ၃ ရပ်ကွက်၊ အောင်ဇေယျ ၆ လမ်းတွင်နေထိုင်သောအသက် ၂၆ နှစ်အရွယ် ကိုထူးဝေအောင် ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက်သေဆုံးခဲ့ကာ အသုတ်မြို့စခန်းမှူးက သေဆုံးသူ၏ မိသားစုဝင်များကို ငွေကျပ် သိန်း ၈၀ ပေးကာ အမှုကျေအေးခိုင်းခဲ့သည်။
ပုံစာ–အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ဆန္ဒထုတ်ဖော်နေသည့် NLDပါတီဝင်များ မြင်ကွင်း။
Photo-NLD
**************************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1917
YouTube- > https://youtu.be/sCgktZzn2lw
Website -> https://thanlwinkhet.net/?p=5501