သံလွင်ခက်။
စက်တင်ဘာ ၂ ၊ ၂၀၂၃။
ကရင်အမျိုးသားအစည်းအရုံး KNU၊ တပ်မဟာ ၃ နယ်မြေက စစ်ကောင်စီတပ်စခန်းတစ်ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းစစ်ကြောင်းက သိမ်းပိုက်နိုင်ခဲ့သည်ဟု ဒေသတွင်းသတင်းရင်းမြစ်ထံ က သိရသည်။
KNU တပ်မဟာ ၃ ၊ ကျောက်ကြီးမြို့နယ်၊ ဝဲကြီးကျေးရွာအုပ်စု၊ သစ်ချဆိပ်ကျေးရွာရှိ စစ်ကောင်စီအထိုင်စခန်းကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း ၈၊ တပ်ရင်း ၉၊ ကရင်အမျိုးသားကာကွယ်ရေးတပ်KNDO တပ်ရင်း ၃ တို့ပူးပေါင်းထားသော တပ်မဟာဌာနချုပ်စစ်ကြောင်းနှင့် လက်အောက်ခံပူးပေါင်းတပ်ဖွဲ့များကဩဂုတ်လ ၃၁ ရက် မနက် ၅ နာရီတွင် စတင်တိုက်ခဲ့ပြီး စက်တင်ဘာလ ၁ ရက်၊ ညနေပိုင်းတွင် စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု KNU ကထုတ်ပြန်ထားသည်။
ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “တိုက်ပွဲက ၃၁ ရက်နေ့ထဲက စဖြစ်တာ။ လေယာဉ်တွေနဲ့ လာပစ်တာလည်း ရှိတယ်။ လူအထိအခိုက်တော့မရှိဘူး။ အဆောက်အဦတွေ ပျက်စီးတာတော့ရှိတယ်။ တိုက်ပွဲမှာ သူတို့ဘက်က ၂၂ယောက်သေတယ်၊ ၇ ယောက်အရှင်ဖမ်းမိထားတယ် “ဟုဆိုသည်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီ ခလရ−၄၃၉၊ ခလရ−၆၀၊ ခမရ−၃၅၀ နှင့် ခမရ−၃၅၁ က ၁၅ ဦးသေဆုံးခဲ့ကာကွန်မန်ဒိုပြောင်း ၂ လက်၊ စက်လတ် ၁ လက် နှင့် လက်နက်ငယ် စုစုပေါင်း ၁၉ လက်သိမ်းဆည်းရမိခဲ့သည်ဟုKNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စခန်းသိမ်းတိုက်ပွဲတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KLNA ပူးပေါင်းတပ်ဖွဲ့များဘက်က ၂ ဦးကျ ဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ထို့ပြင် ကညွတ်ကွင်းမြို့ရှိ ခလရ−၄၃၉ နှင့် ကျောက်ကြီးမြို့နယ် သံဘိုရွာရှိ ခလရ−၆၀ တပ်များက တိုက်ပွဲဖြစ်ပွား နေသည့်နေရာများကို လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့သည့်အပြင် လေကြောင်းပစ်ကူများကိုပါအသုံးပြုခဲ့သည်ဟု KNU က ထုတ်ပြန်ထားသည်။
သစ်ချဆိပ်စခန်းတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လမ်းသွားလမ်းလာ ပြည်သူများအား စစ်ဆေးမေးမြန်းမှုများပြုလုပ်ခြင်း၊ အနီးဝန်းကျင်ရှိ ဒေသခံပြည်သူများ၏လုပ်ငန်းခွင်များနှင့် နေထိုင်ရာကျေးရွာများသို့ မကြာခဏလက်နက်ကြီးများဖြင့်ပစ်ခြင်း စသည်တို့ လုပ်ဆောင်နေသည့်စခန်းတစ်ခုဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Photo – KNU
**************************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1916
YouTube- > https://youtu.be/sCgktZzn2lw
Website -> https://thanlwinkhet.net/?p=5498