သံလွင်ခက်။
စက်တင်ဘာ ၂ ၊ ၂၀၂၃။
တိုက်ပွဲများပြင်းထန်နေသည့် ပြည်နယ် ၄ ပြည်နယ်အပါအဝင် တိုင်းဒေသကြီး ၁ ခုက လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ၅ ဦးကို အစားထိုးခန့်အပ်လိုက်သည်ဟု စစ်ကောင်စီက ယနေ့တွင် ထုတ်ပြန်သည်။
တိုက်ပွဲများပြင်းထန်နေသည့် ကချင်ပြည်နယ်၊ ကယားပြည်နယ် ( ကရင်နီပြည် ) ၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်နှင့်မန္တလေးတိုင်းက လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ၅ ဦးကို အစားထိုးခန့်အပ်လိုက်ခြင်းဖြစ်သည်။
ကချင်ပြည်နယ် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်း အစား ဗိုလ်မှူးကြီး ကျော်သူရ၊ ကယား ( ကရင်နီ)ပြည်နယ် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး မြင့်ဝေ အစား ဗိုလ်မှူးကြီး သန်းစိုးအောင်၊ ကရင်ပြည်နယ် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင် အစား ဗိုလ်မှူးကြီး မင်းသူကျော်၊ ချင်းပြည်နယ် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင် အစား ဗိုလ်မှူးကြီး သိန်းထွန်းအောင်၊ မန္တလေးတိုင်း နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း အစားဗိုလ်မှူးကြီး နေလင်းစိုး တို့ကို အစားထိုးခန့်အပ်လိုက်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၊ တော်လှန်ရေးပူးပေါင်းတပ်များနှင့် တိုက်ပွဲပြင်းထန်နေသည့်ဒေသများတွင် စစ်ဆင်ရေးတာဝန်ယူထားသည့် စစ်ဆင်ရေးအထူးအဖွဲ့မှူး၊ တိုင်းမှူး၊ တပ်မမှူးများအား လဲလှယ်ခြင်း၊ အနားပေးခြင်းများကို စစ်ကောင်စီက မကြာခဏပြုလုပ်လေ့ရှိသည်။
စစ်ကောင်စီတပ်အနေဖြင့် ယခုကဲ့သို့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ၅ ဦးကို အစားထိုး ပြောင်းလဲခန့်အပ်လိုက်သော်လည်း ဒေသတွင်းသက်ရောက်မှုရှိစေလိမ့်မည်မဟုတ်ဟု တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တချို့ကပြောသည်။
ပုံစာ – ပြောင်းလဲခံလိုက်ရသည့် ကရင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်။
**************************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1906
YouTube- > https://youtu.be/sCgktZzn2lw
Website -> https://thanlwinkhet.net/?p=5480