ယမင်းဖူးပွင့်အောင်
ဩဂုတ် ၂၅၊ ၂၀၂၃။
ကချင်ပြည်နယ် ဖားကန့်မြို့နယ် နန့်ယားကျေးရွာအတွင်းပိတ်မိနေသည့်ပြည်သူများကို စစ်ကောင်စီတပ်ဖွဲ့ဝင် များက လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံများထံက သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက်က ကာမိုင်းနှင့် နန့်ယားကျေးရွာကြားရှိ ကျောက်ထုစခန်းအနီးတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့ကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် KIA က ကာမိုင်း–ဖားကန့်လမ်းကို ပိတ်ထားခဲ့သဖြင့် စစ်ကောင်စီတပ်နှင့်အတူ ပြည်သူအချိူ့ပိတ်မိနေခြင်းဖြစ်သည်။
ယမန်နေ့ည ၁၀ နာရီခန့်က နန့်ယားကျေးရွာဒေသခံများအပါအဝင် ပြည်သူ ၁၀၀ ခန့်ကို စစ်ကောင်စီတပ်ဖွဲ့ဝင် များက ဝင်ရောက်ဖမ်းဆီးသွားသည်ဟု နန့်ယားကျေးရွာဒေသခံတစ်ဦးက သံလွင်ခက်ကိုပြောသည်။
“အိမ်တံခါး၊ ခြံတံခါးတွေပါ ဆောင့်တယ်။ ကန်တယ်။ ဆွဲဖွင့်ပြီးမှ ခေါ်သွားတာ။ သူတို့ ဖားကန့်ဘက်ပြန်ထွက်ဖို့အစီအစဉ်ရှိလို့နေမှာပေါ့။ ပေါ်တာဆွဲတာလား။ လူသားဒိုင်းအနေနဲ့ ဆွဲတာလားတော့ မပြောတတ်ဘူး။ ရှိတဲ့သူ တွေကို ဝင်ဆွဲသွားတယ်” ဟုပြောသည်။
စစ်ကောင်စီအင်အား ၂၀၀ နီးပါးဖြင့် လာရောက်ဖမ်းဆီးခြင်းဖြစ်ပြီး ဖမ်းဆီးခံရသူများထဲတွင် အမျိုးသမီးများလည်းပါဝင်သည်ဟု ကာမိုင်းမြို့ဒေသခံတစ်ဦးက ပြောသည်။
“ခေါ်သွားတဲ့လူတွေကတော့ စစ်ကြောင်းနဲ့ပါသွားမှာပဲ။ ကသိုင်းတောင်ဘက်ကို သွားမယ်လို့သိရတယ်။ မနက်ကတော့ လက်နက်ကြီးတွေနဲ့ပစ်နေတယ်။ သူတို့ထွက်မယ့်နေရာကို လမ်းကြောင်းကြိုရှင်းတာဖြစ်မယ်’ ဟု ပြောသည်။
နန့်ယားကျေးရွာနှင့်အနီးတဝိုက်တွင် ကားအစီး ၂၀၀ နီးပါးအပါအဝင် ဒေသခံ ၃၀၀ ကျော်ပိတ်မိနေပြီး လမ်းပြန်ဖွင့်မည့်ရက်ကို အတိအကျကိုမသိရသေးဟု ပိတ်မိနေသည့် ဒေသခံများက ပြောသည်။
ပုံစာ– နန့်ယားကျေးရွာ တစ်နေရာမြင်ကွင်း။
Photo – ပေးပို့။
****************************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1864
YouTube- > https://youtu.be/EQxNHj_FY94
Website -> https://thanlwinkhet.net/?p=5406
Website ->https://eng.thanlwinkhet.net