ကောင်းချစ်အောင်
ဩဂုတ်၂၅ ၊ ၂၀၂၃။
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ဝမ်ပေါင်ကြေးနီစီမံကိန်းတွင်တာဝန်ထမ်းဆောင်ရန် အင်အားဖြည့်ရောက်လာကြသည့် ပြည်သူ့စစ် ၁၄ ဦးကို ဖမ်းဆီးနိုင်ခဲ့သည်ဟု ချင်းတွင်းဂဠုန်ရာဇာအဖွဲ့ထံက သိရသည်။
ယမန်နေ့ နံနက် ၁၁ နာရီခန့်က ကာကွယ်ရေးတပ်ဖွဲ့များ လမ်းပိုင်းတစ်နေရာတွင်စစ်ဆေးရေးပြုလုပ်နေစဥ်အနောက်တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်က သင်တန်းဆင်းလာသည့်ပြည်သူ့စစ် ၁၄ ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု အဖွဲ့တာဝန်ရှိသူတစ်ဦးက သံလွင်ခက်ကိုပြောသည်။
“မသင်္ကာလို့စစ်ဆေးတော့ ပြည်သူ့စစ်တွေဖြစ်နေတာ။ လက်နက်တွေတော့မပါဘူး။ ၂၅ ရက် သင်တန်းတက်ရတယ် ပြောတယ်။ သူတို့အပတ်စဉ်က အင်အား ၃၀နဲ့ သင်တန်းဆင်းလာတာလို့ ထွက်ဆိုထားတယ်” ဟု ၎င်းကဆိုသည်။
ဖမ်းဆီးရမိသူ ၁၄ ဦးကို ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ လွှဲပြောင်းထိန်းသိမ်းထားပြီး ဥပဒေလမ်းကြောင်းအရ ဆက်လက်ဆောင်ရွက်သွားမည်ဟု သိရသည်။
ဝမ်ပေါင်ကြေးနီစီမံကိန်းတွင် စစ်ကောင်စီနှင့်ပျူစောထီးအင်အား ၃၀၀ နီးပါးရှိနေပြီး အနီးပတ်ဝန်းကျင်ကျေးရွာများသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်နေသည့်အပြင် ကုမ္ပဏီလည်ပတ်နိုင်ရေးအတွက် လုံခြုံရေးအင်အားစုဆောင်းနေသည် ဟုလည်း ချင်းတွင်းဂဠုန်ရာဇာအဖွဲ့ တာဝန်ရှိသူကပြောသည်။
“ထွက်ဆိုချက်အရ အင်အားထပ်ဖြည့်ဖို့ရှိတယ်လို့လည်း သိရတယ်။ ပဲခူးတိုင်းကနေလည်း ထပ်လာဖို့ရှိတယ်။ဘယ်လမ်းကြောင်းကနေ ဝင်လာမလဲတော့ မသိရသေးဘူး” ဟု ၎င်းကဆိုသည်။
လက်ရှိအခြေအနေအရ ဦးပိုင်ကြေးနီကုမ္ပဏီသည် စစ်ကောင်စီနှင့်ပူးပေါင်းပြီး ပြည်သူပိုင်မြေယာများကို ခြံစည်းရိုးခတ်သိမ်းယူမှုများ လုပ်ဆောင်လျက်ရှိသည်။
အဆိုပါ ပြည်သူ့စစ်များကို Alpha Column တပ်ခွဲ ၁ ၊ Alpha Special Force နှင့် တပ်ခွဲ ၃ Chindwin Galone Yarzar Guerrilla Defense Force အဖွဲ့ကရဲဘော်များက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ဓာတ်ပုံ – ချင်းတွင်းဂဠုန်ရာဇာအဖွဲ့
****************************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1863
YouTube- > https://youtu.be/EQxNHj_FY94
Website -> https://thanlwinkhet.net/?p=5402
Website ->https://eng.thanlwinkhet.net