ဘုန်းကြီးကျောင်း၌ သုံးရက်ကြာ တပ်စွဲ၍ ဝက်လက်အရှေ့ခြမ်းရှိ နေအိမ်၄၀နီးပါးကို စစ်ကောင်စီတပ်မီးရှို့
***********************
ကောင်းချစ်အောင်
ဇူလိုင် ၅၊ ၂၀၂၃။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွှေကျင်ရွာ ဘုန်းကြီးကျောင်း၌ စစ်ကောင်စီတပ်များ သုံးရက်ခန့် တပ်စွဲသွားပြီးရွာအတွင်းမှ နေအိမ် လေးဆယ်နီးပါးကို မီးရှို့ဖျက်ဆီးသွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
မုံရွာမြို့နယ် ကျောက်မြောင်းမှထွက်လာသည့် အင်အား၁၀၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းရှိ ရှိန်းမကားရွာကို ဇွန်လ ၂၈ရက်တွင် သံခွန်သင်္ဘောဖြင့် ဆိုက်ကပ်လာခဲ့ပြီး ဝက်လက်မြို့နယ်အတွင်းရှိ ရွာများကို အစဉ်လိုက်အတိုင်း စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။
ရွှေကျင်ရွာ အရှေ့ဘက်ရှိ ရွှေညောင်တော်ဘုရားကုန်းပေါ်ရှိ ဘုန်းကြီးကျောင်းအတွင်း ဇူလိုင်၂ရက်မှစ၍ တပ်စွဲနေထိုင်သွားပြီး မိုင်းအတုများထောင်သွားကာ ကျောင်းအတွင်းရှိပစ္စည်းများကို ဖျက်ဆီးသွားခဲ့သည်ဟု ဒေသခံတစ်ဦးကဆိုသည်။
“ဘုရားပေါ်မှာ သောက်စားထားတာတွေတွေ့တယ်၊၊ ဘုန်းကြီးကျောင်းဆောင်ပေါ်မှာ ဖိနပ်တွေနဲ့တက်ထားတာတွေတွေ့တယ်။ ဆန်အိတ်တွေကိုလည်း ဓားတွေနဲ့ ဖြဲသွားတယ် ဘုန်းကြီးကျောင်းနှင့်မတူအောင်ကို လုပ်သွားတာ“ဟု၎င်းကဆိုသည်။
ပြီးခဲ့သည့်ရက်ပိုင်း ဇူလိုင်၃ရက်၌ စစ်ကောင်စီတပ်များ ရွာထဲသို့ဝင်လာချိန်တွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်များကလက်လုပ်သေနတ်များဖြင့် ခုခံပစ်ခတ်ခဲ့သော်လည်း လက်နက်အင်အားမမျှသောကြောင့် ဆုတ်ခွာခဲ့ရပြီး ဝက်လက်အခြေစိုက် ဗိုလ်ကျားကြီးအဖွဲ့၏ လက်နက်ထုတ်လုပ်ရေးစခန်းတစ်ခုဖျက်ဆီးခံခဲ့ရကာ သိန်းတစ်ထောင်ခန့်ဆုံးရှုံးခဲ့ရသည်ဟု အဆိုပါအဖွဲ့၏ဒုတိယခေါင်းဆောင်ကဆိုသည်။
” ရွာထိပ်ကို သူတို့စဝင်လာတော့ သေနတ်ငယ်တွေနဲ့ ဝိုင်းပစ်တယ်။ နောက်ကျတော့ အင်အားချင်းကလည်းမမျှဘူး။ နောက်ဆုတ်ပေးလိုက်ရတာ ။ ထုတ်လုပ်ရေးစခန်းရော အကုန်ပြောင်သွားတယ် ။ သိန်းတစ်ထောင်နီးပါးဆုံးရှုံးသွားတယ် ။ ဘာမှသိမ်းချိန်ကိုမရလိုက်ဘူး“ဟု ၎င်းကဆိုသည်။
အဆိုပါစစ်ကောင်စီတပ်များသည် ရွှေကျင်ရွာအတွင်း နှစ်ရက်တာ မွှေနှောက်သွားပြီး နေအိမ် လေးဆယ်ခန့်နှင့်ဆိုင်ကယ်ငါးစီးကို မီးရှို့ဖျက်ဆီးသွားခဲ့သည်ဟု ဒေသခံများကဆိုသည်။
ထို့အပြင် ညောင်တော်ဘုရားကုန်းပေါ်တွင် တပ်စွဲနေစဉ်အတွင်း ကျောင်းနံရံများပေါ်တွင် ညစ်ညမ်းစာသားများနှင့်စိန်ခေါ်စာများကို ရေးသွားသည်ဟု ဗိုလ်ကျားကြီးကဆိုသည်။
စစ်ကောင်စီတပ်များသည် ယမန်နေ့ နေ့လည် ၁၁နာရီခန့်က ရွာမှဆုတ်ခွာသွားခဲ့ရာ ရွာခံပြည်သူလေးဦးကို ဓားစာခံအဖြစ်ခေါ်ဆောင်သွားခဲ့သည်ဟု ဒေသခံများက ဆိုသည်။
လက်ရှိအချိန်တွင် အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် ရှိန်းမကားရွာမှတဆင့် ကျောက်မြောင်းသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်သည်ဟု သိရသည်။
ဓာတ်ပုံ-Wetlet Informational Network
*********************************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1580
YouTube -> https://youtu.be/9ijGcDu-6fE
Website -> https://thanlwinkhet.net/?p=5168
Website ->https://eng.thanlwinkhet.net