သံလွင်ခက်
ဇူလိုင် ၅ ၊ ၂၀၂၃ ။
ပြီးခဲ့သည့်ဇွန်လအတွင်း၌ ရှမ်းတောင်ပိုင်းရှိ မိုးဗြဲနှင့်ဖယ်ခုံတို့အပါအဝင် ကရင်နီပြည်တွင် ဖြစ်ပွားခဲ့သောတိုက်ပွဲများ၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ နီးပါး သေဆုံးခဲ့သည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ကယနေ့တွင်ထုတ်ပြန်သည်။
ဇွန်လ တစ်လတာအတွင်း၌ ကရင်နီပြည်နယ်တွင် လွိုင်ကော်၊ ဒီးမော့ဆို နှင့် ရှားတောတို့တွင် တိုက်ပွဲငယ်များဖြစ်ပွားခဲ့ပြီး၊ မယ်စဲ့၊ ဖားဆောင်း နှင့် ရွာသစ်မြို့နယ်များတွင် ထိတွေ့တိုက်ပွဲများပြင်းထန်ခဲ့ကာ၊ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲ နှင့် ဖယ်ခုံတို့တွင်လည်း ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့သည်။
ဇွန်လ၅ရက်မှစ၍ မိုးဗြဲမြို့အတွင်းသို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်ခဲ့ကာ မြို့တွင်း နေရာအနှံ့တပ်စွဲခဲ့သော စစ်ကောင်စီတပ်ဖွဲ့များအားကို KNDF နှင့်အတူ မိုးဗြဲPDF၊ လွိုင်ကော်PDF၊ URF တို့ ပူးပေါင်း၍တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပေါင်း၆ ကြိမ်ကျော် ဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်၂၀ကျော် သေဆုံးခဲ့သည်။
ဇွန်လအတွင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် KA၊ KNDF၊ မိတ်ဖက်ပူးပေါင်းတပ်များအကြား လွိုင်ကော်မြို့နယ်တွင် တိုက်ပွဲ၇ကြိမ်၊ ရှားတောမြို့နယ်တွင်၁ကြိမ်၊ ဖရူဆိုမြို့နယ်တွင်၄ကြိမ် နှင့် ဒီးမော့ဆိုမြို့နယ်တွင်၅ကြိမ်ခန့် ထိတွေ့တိုက်ပွဲငယ်များဖြစ်ပွားခဲ့သည်။
ထို့အတူ ဇွန်လ၁၃ ရက်မှစ၍ ရက်သတ္တပတ်အတွင်း မယ်စဲ့မြို့နယ် အတွင်းရှိ ထိုင်း–မြန်မာ နယ်စပ်မှ စစ်ကောင်စီ၏တပ်စခန်းများဖြစ်သော BP-13စခန်း၊ BP-14စခန်း၊ BP-15 ရှိ မယ်တနွယ် တပ်စခန်း၊ BP-16 ရှိ တောင်လှတပ်စခန်းတို့နှင့် မယ်စဲ့မြို့မရဲစခန်း၊ ဗျူဟာကုန်းတပ်စခန်းတို့အား KA ၊ ကလလတ ၊ KNDF နှင့်အတူ မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုများ ပူးပေါင်း၍ တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
အဆိုပါစခန်းသိမ်းတိုက်ပွဲများတွင် စစ်ကောင်စီ၏ လက်နက်ကြီး၊ လက်နက်ငယ် များစွာနှင့် ခဲယမ်းမီးကျောက်အမြောက်အများတို့အား သိမ်းဆည်းရရှိခဲ့သည်။
ဇွန်လ၂၄ရက်မှ စ၍ စစ်ကောင်စီတပ်များသည် ဘောလခဲမြို့မှ စစ်ကောင်းနှစ်ကြောင်းခွဲကာ ရွာသစ်မြို့သို့ဦးတည်၍ စစ်ကြောင်းထိုးဝင်ရောက်ခဲ့သောကြောင့် ရွာသစ်–ဘောလခဲ လမ်းတလျှောက်တွင် စစ်ကောင်စီတပ်များနှင့် KA ၊ ကလလတ ၊ ဘောလခဲPDF ၊ KNDF တို့ကြားလေးရက်ကျော်ကြာ ထိတွေ့တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီမှ ရွာသစ်မြို့အတွင်းသို့ ဝင်ရောက်ကာ တပ်စွဲထားခဲ့သည်။
အဆိုပါ ထိတွေ့တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်၅၀နီးပါးအား တပ်ပေါင်းစုများမှ သုတ်သင်နိုင်ခဲ့ပြီး တိုက်ပွဲများအတွင်း စစ်ကောင်စီမှ နေ့စဉ်နီးပါး လေကြောင်းပစ်ကူများ နှင့် လက်နက်ကြီးပစ်ကူများအား အလွန်အကျွံအသုံးပြု တိုက်ခိုက်ခဲ့သည်ဟု KNDF က ထုတ်ပြန်ထားသည်။
ပြီးခဲ့သောဇွန်လတွင် ကရင်နီပြည်နယ်အတွင်း၌ အရပ်သားပြည်သူ၃၃ဦး ထိခိုက်သေဆုံး ခဲ့ရပြီး စစ်ကောင်စီတပ်မှပစ်ခတ်ခဲ့သော လက်နက်ကြီးထိမှန်မှုကြောင့် မိုးဗြဲမြို့တွင်၃ဦး၊ ဘောလခဲမြို့နယ်တွင်၁ဦး၊ လွိုင်ကော်မြို့နယ်တွင်၁ဦး သေဆုံးခဲ့ရသည်။
ထို့ပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဖရူဆိုမြို့နယ်တွင်၁ဦး နှင့် ဖားဆောင်း မြို့နယ်တွင်၄ ဦး သေဆုံးခဲ့ရသလိုမိုးဗြဲမြို့တွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီတပ်များ သတ်ဖြတ်ခဲ့ သည့် အမျိုးသား၂၀ဦး၊အမျိုးသမီး၃ဦး နှင့် အသက်၁၀နှစ်ဝန်းကျင်ရှိ ကလေးငယ်တစ်ဦးတို့ ရုပ်အလောင်းများတွေ့ရှိရသည်ဟု KNDF ကထုတ်ပြန်ထားသည်။
ဇွန်လအတွင်း ထိတွေ့တိုက်ပွဲများတွင် စစ်ကောင်စီတပ်များအား ရင်ဆိုင်တိုက်ခိုက်ရင်း KNDF/B-03 မှ ရဲဘော်မောင်ဒို နှင့် ရဲဘော်ရှိုင်းဝဏ္ဏအောင်၊ KNDF/CDM ဌာနမှ ရဲဘော်သားသား တို့ ကျဆုံးခဲ့သည် ။
ပုံစာ–ပြီးခဲ့သောဇွန်လအတွင်း ကရင်နီပြည်တိုက်ပွဲများ၌ စစ်ကောင်စီတပ်များထံမှ သိမ်းဆည်းရမိသော လက်နက်၊ခဲယမ်းများ ။
*********************************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1573
YouTube -> https://youtu.be/J87kIXgZgLY
Website -> https://thanlwinkhet.net/?p=5155
Website ->https://eng.thanlwinkhet.net