သံလွင်ခက်
ဇူလိုင် ၄၊ ၂၀၂၃။
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် အခြေစိုက် ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF သည် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့နှင့်တိုက်ပွဲဆင်နွှဲရန် လက်နက်၊ ခဲယမ်းများ အရေးပေါ်လိုအပ်လျက်ရှိသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
လက်နက်၊ခဲယမ်းအတွက် ငွေကြေး အပြင် သယ်ယူရန် လမ်းကြောင်း အခက်အခဲများနှင့်လည်း ကန်ပက်လက်CDF ကြုံနေကြရသည်။ လက်နက်၊ခဲယမ်း မလုံလောက်မှုများနှင့်ပတ်သက်၍ ကန်ပက်လက် CDF တပ်မဟာမှူးက
” ကျည်ကုန်နေတဲ့ အနေအထားကြောင့် ကျွန်တော်တို့ ရှေ့တန်းစစ်မျက်နှာက စစ်ကြောင်း နှစ်ကြောင်းကို ပြန်ပြီးမှရုတ်ရတဲ့ အခြေအနေမျိုးထိ ကြုံနေရတယ်” ဟု ပြောသည်။
ချင်းပြည်နယ်ရှိ ကန်ပက်လက်မြို့နယ်သည် မကွေးတိုင်းနယ်စပ်တွင် တည်ရှိပြီး လက်နက်၊ ခဲယမ်းများ ဝယ်ယူရန်ပြည်ပနယ်စပ်နှင့် အလှမ်းဝေးသဖြင့် မူလတန်ဖိုးထက် သုံးဆခန့် တိုးမြှင့်ကာ ပေးဝယ်နေရသည်ဟု ကန်ပက်လက်မြို့နယ် ဘဏ္ဍာရေးမှူးက ပြောသည်။
ထို့ကြောင့် ကန်ပက်လက်CDFသည် ခဲယမ်းလိုအပ်ချက်များအမြဲရှိနေပြီး လက်ရှိတွင်လည်း တပ်ဖွဲ့အတွက် အရေးပေါ်လိုအပ်သည့် ခဲယမ်းများဖြည့်တင်းနိုင်ရန် “တော်လှန်သူ့ကင်မရာ” ဟုအမည်ပေးထားသည့် ကျည် ၅၀၀၀ ရရှိရေး ကံစမ်းမဲကမ်ပိန်းကို ပြုလုပ်ထားသည်။
အဆိုပါ ကမ်ပိန်းကို ပြီးခဲ့သည့် ဧပြီလ ၁၅ ရက်မှ မေလ ၁၅ ရက်ထိဟု သတ်မှတ်ခဲ့သော်လည်း လက်မှတ်ရောင်းချရမှု အားနည်းခဲ့သဖြင့် ယခုဇူလိုင်လကုန်အထိ အချိန်တိုးမြှင့်ထားသည်ဟု ဘဏ္ဍာရေးမှူးက ပြောသည်။
ကန်ပက်လက် CDF သည် စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် မတ်လတွင် စတင်ဖွဲ့စည်းခဲ့ပြီး ၂ နှစ်အတွင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲပေါင်း ၁၀၀ ကျော်ဆင်နွှဲခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ဝန်းကျင်ထိကိုလည်း ရှင်းလင်းနိုင်ခဲ့သည်ဟု သိရသည်။
ပုံစာ – ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF (ကန်ပက်လက်) တပ်ဖွဲ့ဝင်များ
*********************************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1572
YouTube -> https://youtu.be/J87kIXgZgLY
Website -> https://thanlwinkhet.net/?p=5152
Website ->https://eng.thanlwinkhet.net