ဒီးမော့ဆိုရှိ စစ်ရှောင်တစ်နေရာကို စစ်ကောင်စီဗုံးကြဲ
**********************************
(လုံခြုံတယ်ထင်တဲ့နေရာတောင်မှ လေယာဥ်နဲ့ဗုံးလာကြဲတယ်ဆိုတော့ ပြည်သူတွေက အတော်အထိတ်တလန့်ဖြစ်နေတယ် )
သံလွင်ခက်
ဇူလိုင် ၄ ၊ ၂၀၂၃ ။
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းရှိ စစ်ဘေးရှောင်များ ခိုလှုံရာ နေရာတစ်ခုကို စစ်ကောင်စီတပ်ကဂျက်တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ပြည်သူများထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ယမန်နေ့ည သန်းခေါင်ယံကျော်ချိန် (ယနေ့ ဇူလိုင် ၄ရက် နံနက် ၂ နာရီ)တွင် ပေါင် ၅ဝဝ နှစ်လုံးနှင့် ပေါင် ၁ဝဝနှစ်လုံးတို့ကို စစ်ကောင်စီက လေးကြိမ်တိုင်တိုင် ကြဲချတိုက်ခိုက်ခဲ့သည်။
ဗုံးကြဲမှုကြောင့် အသက် ၃ နှစ်ခန့်အရွယ် ကလေးတစ်ဦးနှင့် ကလေးမိဘနှစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ တဲအချို့နှင့်ယာယီ စာသင်ကျောင်း တစ်ကျောင်းထိခိုက်ပျက်စီးခဲ့သည်ဟု ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကထုတ်ပြန်ထားသည်။
” ဒဏ်ရာရတဲ့ စစ်ဘေးရှောင်တွေကို ဆေးကုသမှုပေးထားတယ် ။ အသက်အန္တရာယ် စိုးရိမ်ရမှုမရှိဘူး “ဟု ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် (DMO-Local PDF) ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ဂျက်တိုက်လေယာဥ်ဖြင့် လာရောက်ဗုံးကြဲခဲ့သောနေရာသည် တိုက်ပွဲများဖြစ်ပွားလေ့မရှိသည့်အပြင် ယခင်က ဒီးမော့ဆို၌ တိုက်ပွဲများဖြစ်ပွားရာနေရာများနှင့်လည်း ၁၀ မိုင်ကျော်ကွာဝေးသည်။
ထို့ကြောင့် အဆိုပါနေရာတွင် ရွာခံဒေသခံများနှင့် စစ်ဘေးရှောင် ထောင်ချီခိုလှုံနေကြပြီး ယမန်နေ့ညပိုင်း၌ညအချိန်မတော် ရုတ်တရက် လေကြောင်းမှ တိုက်ခိုက်ခံရသောကြောင့် စစ်ဘေးရှောင်ပြည်သူများမှာ စိုးရိမ်ထိတ်လန့်နေကြရသည်။
” လုံခြုံတယ်ထင်တဲ့နေရာတောင်မှ လေယာဥ်နဲ့ဗုံးလာကြဲတယ်ဆိုတော့ ပြည်သူတွေက အတော်အထိတ်တလန့်ဖြစ်နေတယ် ။ လေယာဥ်နဲ့က ဘယ်နေရာဖြစ်ဖြစ်ရောက်နိုင်တယ်လေ ။ ဘယ်နေရာမှာ ပုန်းနေပုန်းနေ မရတော့ဘူးနော်။ လုံခြုံမှုမရှိတာကတော့ တစ်ပြည်နယ်လုံးပါပဲ “ဟု (DMO-Local PDF)ပြန်ကြားရေး တာဝန်ခံက ပြောသည် ။
အဆိုပါ စစ်ရှောင်နေရာသို့ ရောက်ရှိသောစစ်ဘေးရှောင်များသည် နေရာ လေး၊ ငါး၊ ခြောက်ခု ပြောင်းရွေ့လာကြရသည့် မိသားစုများစွာလည်း ပါဝင်နေပြီး လက်ရှိနေရာ၌လည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုနှင့် ကြုံကြရခြင်းဖြစ်သည်။
လေကြောင်းမှ လာရောက်တိုက်ခိုက်မှုကြောင့် စစ်ရှောင်ပြည်သူများ ထပ်မံပြောင်းရွေ့ရန်မှာ လုံခြုံစိတ်ချရသည့်နေရာ မရှိတော့သည့်အပြင် လက်ရှိမိုးတွင်းကာလဖြစ်သောကြောင့် အခက်အခဲများစွာရှိနေသည်ဟု ဒေသခံများထံမှ သိရသည်။
ဒီးမော့ဆို မြို့နယ်တွင် စစ်ကောင်စီတပ်က ကင်းထောက်လေယာဥ်များကို နေ့စဥ်နီးပါးပျံသန်းမှုပြုလုပ်နေပြီးမှ စစ်ရှောင်များရှိသည့်နေရာကို လေကြောင်းမှ လာရောက်ဗုံးကြဲခြင်းသည် အရပ်သားပစ်မှတ်များကို ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်နေခြင်း ဖြစ်သည်ဟု ဒီးမော့ဆိုမြို့နယ် သူကာကွယ်ရေးတပ်ပြန်ကြားရေးတာဝန်ခံကပြောသည် ။
ပုံစာ–ယမန်နေ့ညပိုင်း၌ စစ်ကောင်စီလေကြောင်းမှ ဗုံးကြဲမှုကြောင့် ဒီးမော့ဆို အနောက်ခြမ်းရှိ စစ်ရှောင်နေရာတိုက်ခိုက်ပျက်စီးမှုများ ။
*********************************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1566
YouTube -> https://youtu.be/gjMXlDVWmJ4
Website -> https://thanlwinkhet.net/?p=5141
Website ->https://eng.thanlwinkhet.net