သဇင်
ဇူလိုင် ၄၊၂၀၂၃။
တနင်္သာရီတိုင်းအတွင်းက စစ်ဘေးရှောင်ကလေးငယ်များ ဆက်လက်ပညာသင်ကြားပေးနိုင်ရန် အတွက် ကြိုးပမ်းလျက်ရှိသည်ဟု စစ်ဘေးရှောင်အရေးကူညီသူများထံမှ သိရသည်။
တနင်္သာရီတိုင်းအတွင်း နယ်မြေမတည်ငြိမ်မှုများ၊ တိုက်ပွဲများကြောင့် စစ်ရှောင်ကလေးငယ်အများစုမှာ ပညာရေးနှင့်အလှမ်းဝေးနေပြီး ကလေးငယ်များ ပညာဆက်လက်သင်ကြားနိုင်ရေး ဆောင်ရွက်လျက်ရှိသည်ဟု စစ်ရှောင်အရေး ကူညီသူတစ်ဦးက သံလွင်ခက်ကို ပြောသည်။
“စစ်ဘေးရှောင်စခန်းမှာ ရှောင်နေကြတဲ့ကလေးတွေအနေနဲ့ ရှေ့ဆက်ပညာသင်ကြားခွင့်ရရှိနိုင်ရေးအတွက် စစ်ဘေးရှောင် စောင့်ရှောက်ရေးကော်မတီတို့ ကူညီတဲ့အဖွဲ့တို့ သူတို့ကဦးစီးပြီးတော့ အကောင်ထည်ဖော်ဆောင်ရွက်ပေးနေတာရှိပါတယ်။စစ်ရှောင်စခန်းမှာ မဟုတ်ဘဲနဲ့ အဆင်ပြေတဲ့နေရာမှာ ရှောင်နေရတဲ့ကလေးအများစုကတော့ပညာသင်ကြားခွင့်ဆုံးရှုံးနေရတယ်“ဟု ၎င်းကဆိုသည်။
စစ်ဘေးရှောင် ကလေးများ အခြေခံ အရေး၊အဖတ်ကျွမ်းကျင်အောင် စစ်ဘေးရှောင်တက္ကသိုလ်ကျောင်းသားများနှင့် CDM ဆရာ၊ဆရာမများ က စစ်ဘေးရှောင်စခန်းများတွက် ကိုယ်ထူ ကိုယ်ထဆောင်ရွက်နေသည်ဟု ၎င်းကဆက်ပြောသည်။
ပညာရေးကဏ္ဍရပ်တန့်နေသည်မှာ လေးနှစ်နီးပါးရှိပြီဖြစ်၍ ယခုထက်ပိုပြီး ရပ်တန့်နေပါက ပညာမတတ်မှုနှုန်း ပိုမိုများပြားလာနိုင်ပြီး တိုင်းပြည်အနာဂတ်ကိုပါထိခိုက်မှုများရှိလာနိုင်သည့်အတွက် အစိုးရအနေဖြင့် အားစိုက်အဖြေရှာပေးရန် လိုအပ်သည်ဟု အငြိမ်းစားပညာရေးမှူးတစ်ဦးကပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနမှ သင်ကြားပို့ချနေသည့် အွန်လိုင်းပညာရေးကို တတ်ရောက်နိုင်ရန် အင်တာနက်လိုင်းနှင့် နည်းပညာလိုအပ်ချက်များအတွက် အခက်ခဲများလည်းရှိသည်ဟု ကြားကာလပညာရေးတွင်ပါဝင်ဆောင်ရွက်နေသောဆရာတစ်ဦးကပြောသည်။
“အွန်းလိုင်းက သင်ကြားရတာဖြစ်တဲ့အတွက် အခက်ခဲတော့ရှိကြတယ်။ အရင်ကတည်းက စာသင်တယ်လို့ ပြောလိုက်ရင် ကျောင်းထဲမှာပဲ ကျောင်းသားနဲ့ ဆရာနဲ့ မျက်နှာချင်းဆိုင်ထိတွေ့ပြီးတော့ သင်ကြားလာကြတဲ့ အခြေနေဖြစ်တယ်။ဒီလိုအခြေနေတစ်ခုမှာကျတော့ သင်ကြားပေးတဲ့ သူအကုန်လုံးက သင်ကြားသင်ယူမှုလုပ်ငန်းတစ်ခုဖြစ်ဖို့ဆိုရင် အွန်လိုင်းနဲ့သင်နိုင်ဖို့ဆိုတဲ့နည်းပညာတွေလိုအပ်လာတယ်။ ကျောင်းသားတွေဘက်ကလည်း အွန်လိုင်းသင်ကြားရေးမှာ အသုံးပြုမယ့် နည်းပညာတွေလိုအပ်လာတယ်။ဒီအပိုင်းတွေမှာလဲအခက်ခဲတွေရှိကြတယ်ဆိုတော့ ကလေးတွေအကုန်လုံးကျတော့ အွန်လိုင်းသင်ကြားသင်ယူမှုထဲကို မရောက်လာနိုင်ကြဘူး“ဟုဆိုသည်။
NUGအစိုးရမှ ချမှတ်ပေးထားသော အွန်လိုင်းပညာရေးစနစ်ကို လက်လှမ်းမှီသည့် ကျောင်းသား အနည်းစုသားရှိပြီး ကလေးငယ်များအားလုံး လက်လှမ်းမှီနိုင်သည့် ပညာရေးစနစ်ချမှတ်ရန်လိုအပ်သည်ဟု စစ်ရှောင်အရေးကူညီသူများကပြောသည်။
တနင်္သာရီတိုင်းအတွင်း ယခု ၂၀၂၃–၂၀၂၄ ပညာသင်နှစ်ကျောင်းအပ်နှံသူဦးရေမှာ နှစ်သိန်းကျော်ရှိသည်ဟု စစ်ကောင်စီထိန်းချုပ် တနင်္သာရီတိုင်း ပညာရေးမှူးရုံးက ထုတ်ပြန်ထားပြီး စစ်ဘေးရှောင်နေရသည့် ကလေးမှာသောင်းနှင့်ချီရှိနေသည်။
ပုံစာ–တနင်္သာရီတိုင်းရှိ စစ်ဘေးရှောင် ကလေးငယ်များမြင်ကွင်း။
Photo -crd
*********************************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1565
YouTube -> https://youtu.be/gjMXlDVWmJ4
Website -> https://thanlwinkhet.net/?p=5135
Website ->https://eng.thanlwinkhet.net