သံလွင်ခက်
ဇူလိုင် ၃၊ ၂၀၂၃။
မိုးဗြဲမြို့တွင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များက သတ်ဖြတ်ထားသည့် ပြည်သူများ၏ ရုပ်အလောင်း ၃၂ လောင်းကိုသယ်ယူထားနိုင်ပြီဟု မိုးဗြဲမြို့ လူမှုကူညီရေးအဖွဲ့ထံက သိရသည်။
လက်ရှိအချိန်ထိ ဝင်၍ မရသေးသည့် ရပ်ကွက်များ ကျန်နေသေးပြီး အဆက်အသွယ် မရရှိသူများလည်း ရှိနေသေးသည်ဟု ပြီးခဲ့သည့် မေလကုန်ပိုင်းမှစ၍ ကရင်နီပြည်နယ်၊ ရှမ်း–ကယားနယ်စပ် ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့အတွင်းကို အင်အား ၂၀၀ ၀န်းကျင်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်က ဘုန်းကြီးကျောင်းများနှင့် ရပ်ကွက်တချို့၌ နေရာယူတပ်စွဲထားဆဲဖြစ်သည်။
စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်နေသည့် ကာလအတွင်း၌ ပိတ်မိနေသည့် ပြည်သူ တချို့ သတ်ဖြတ်ခံရသလိုလက်နက်ကြီး ထိမှန်မှုကြောင့်လည်း ပြည်သူများ အသက်ဆုံးရှုံးမှုများ ရှိခဲ့သည်။
ထို့ပြင် တိုက်ပွဲငြိမ်သည့် ရက်များတွင် ရပ်ကွက်များအတွင်းသို့ ရိက္ခာများ ပြန်ယူသည့် ပြည်သူတချို့လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ သတ်ဖြတ်ခံရမှုနှင့် ကြုံနေကြရသည်ဟု သိရသည်။
မိုးဗြဲမြို့တွင် ပြည်သူများ သေဆုံးမှုနှင့် အလောင်းများ ကောက်ယူထားနိုင်သည့် အခြေအနေများနှင့် ပတ်သက်ပြီးလူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက “ပြီးခဲ့တဲ့ လ ၂၇ ရက်မှာ ကျွန်တော်တို့ လေးလောင်း ထပ်ကောက်တယ်။ အဲဒါကသေထားတာ ကြာပြီပေါ့။ သူတို့ စစဝင်လာကတည်းက သတ်ထားတာ။ ရက် ၂၀ ကျော်လောက် ရှိပြီ။ မနေ့က နှစ်လောင်း ကျွန်တော်တို့ ထပ်ကောက်တယ်။ အားလုံး ၃၁ လောင်း ရှိပြီပေါ့။ ပြီးခဲ့တဲ့ ရက်ပိုင်းက ရိက္ခာပြန်ယူတဲ့လင်မယားနှစ်ယောက်မှာ ယောက်ျားက အသတ်ခံလိုက်ရတယ်။ အလောင်းက သူတို့ ပိုင်ရှင်တွေပဲ ထော်လာဂျီနဲ့ပြန်သယ်သွားတယ်” ဟု ယနေ့တွင် ပြောသည်။
သေဆုံးအလောင်းများသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားရာ နေရာနှင့် အုတ်တံတိုင်းသာ ခြားသည့် လမ်းပေါ်များ၊ နေအိမ်ဝန်များအတွင်း၌ တွေ့ရပြီး တချို့ သေဆုံး အမျိုးသမီးများမှာ အဓမ္မပြုကျင့်ခံထားရကာအနီးကပ် ပစ်သတ်ထားသည့် အခြေအနေမျိုး တွေ့ရှိရသည်ဟု ၎င်းက ပြောသည်။
မိုးဗြဲမြို့တွင် ပြီးခဲ့သည့် ဇွန်လအတွင်း၌ ပြင်းထန်တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ တပ်ပြန်ဆုတ်ရာ စည်းကား ၁ ရပ်ကွက် နှင့် စည်းကား၂ ရပ်ကွက်အတွင်း တချို့နေရာများကို ပြည်သူအနည်းငယ် ပြန်ဝင်ကာ ရိက္ခာပြန်ယူခြင်းများနှင့် လူမှုကူညီရေးအဖွဲ့များလည်း နယ်မြေရှင်းလင်းမှုများကို ပြုလုပ်နေခြင်းဖြစ်သည်။
သို့သော် လက်ရှိအချိန်အထိ လုံးလုံးဝင်ရောက်၍ မရသေးသည့် ရပ်ကွက်များရှိနေပြီး ထိုရပ်ကွက်များအတွင်း၌လည်း ပြည်သူတချို့ သတ်ဖြတ်ခံရသည့်အခြေအနေရှိနိုင်ပြီး အဆက်အသွယ်မရှိသည့် ပြည်သူ ၃ ဦးခန့်လည်းရှိနေသည်ဟု လူမှုကူညီရေးအဖွဲ့ဝင်များထံမှ သိရသည်။
လက်ရှိတွင် မိုးဗြဲ၌ တိုက်ပွဲငြိမ်နေသော်လည်း စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုများ မကြာခဏပြုလုပ်နေပြီး တပ်စွဲထားဆဲဖြစ်သည့်အတွက် တိုက်ပွဲများ အချိန်မရွေး ဖြစ်လာနိုင်သောကြောင့် ပြည်သူများအသွားအလာ သတိပြုကြရန် ကာကွယ်ရေးတပ်များက သတိပေးထားသည်။
ယခုသတင်းတွင် စိတ်မချမ်းမြေ့ဖွယ်ရာ သတင်းဓာတ်ပုံ တချို့ ပါဝင်နေပြီး သံလွင်ခက်၏ တယ်လီဂရမ်နှင့် ဝက်ဆိုက်တို့၌ ဝင်ရောက်ကြည့်ရှုနိုင်သည်။
*********************************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1562
YouTube -> https://youtu.be/feJeXw7Vu5M
Website -> https://thanlwinkhet.net/?p=5337
Website ->https://eng.thanlwinkhet.net