သဇင်
ဇွန် ၁၆၊၂၀၂၃။
မြန်မာနိုင်ငံရှိ အသက် ၅နှစ် မှ ၁၇နှစ်ကြား ကလေး တစ်သန်းကျော်သည် လုံခြုံရေးနှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကိုထိခိုက်စေသည့် အလုပ်များကို လုပ်နေရသည်ဟု အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ILO က ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံ ကလေးသူငယ်အခွင့်အရေး ဥပဒေအရ အသက်၁၄နှစ်အောက် ကလေးများကို အလုပ်သမားအဖြစ်စေခိုင်းခွင့်မရှိဟု ဥပဒေရေးရာ ကျွမ်းကျင်သူများကပြောသည်။
ILO ၏ ဇွန်လ ၁၃ရက်နေ့ ထုတ်ပြန်ချက်တွင် ဆင်းရဲနွမ်းပါးမှု၊ အလုပ်သမားဥပဒေ မလုံလောက်မှု၊ ပညာသင်ကြားခွင့်မရရှိမှု၊ နိုင်ငံရေးပဋိပက္ခများကြောင့် ကလေးလုပ်သားဦးရေ တိုးပွားလာခြင်းဖြစ်သည်ဟုဆိုသည်။
အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ နေရာဒေသအနှံအပြားတွင် စစ်ပွဲများကြောင့် ကလေးများအပါဝင် ဒေသခံပြည်သူများ စစ်ဘေးတိမ်းရှောင်နေရင်း ရရာနေရာတွင် အလုပ်လုပ်ကိုင်စားသောက်နေကြရသည်ဟုကလေးသူငယ်အရေး လုပ်ကိုင်သူများက ပြောသည်။
လုပ်ငန်းခွင်ထဲ ဝင်ရောက်လာသည့် အသက်မပြည့်သည့် ကလေးများအနေဖြင့် လူကုန်ကူးသူနှင့် လောင်းကစားသမားများ၏ ပစ်မှတ်ထားခြင်းခံနေရသည်ဟု Committee for Protection and Promotion of Child Right(ကလေးသူငယ်အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးနှင့် မြှင့်တင်ရေးကော်မတီ) တာဝန်ရှိသူ ကိုမင်းမင်းက ပြောသည်။
“နေထိုင်စားသောက်ရေးအခက်အခဲတွေကြောင့် လူကြီးတွေရော ကလေးတွေပါမကျန် ရတဲ့အလုပ်ကို လုပ်နေကြတာရှိတယ် ။ဆိုတဲ့အခါမှာ အသက်၁၄နှစ် နဲ့ ၁၈ကြား ကလေးတွေက လူကုန်ကူးသူတွေရဲ့ ပစ်မှတ်၊လောင်းကစားသမားတွေရဲ့ ပစ်မှတ်အဖြစ်ခံနေရတယ်။ အဓိကအားဖြင့် ကရင်ပြည်နယ်တကြောမှာဆိုရင် ကာစီနို ၊အွန်လိုင်းဂိမ်းနဲ့ ပတ်သတ်တဲ့ လောင်းကစားတွေ မူယစ်ဆေးဝါးတွေနဲ့ပတ်သတ်ပြီး မြှူဆွယ်သိမ်းသွင်းတာတွေ ရှိနေပါတယ်”ဟုကိုမင်းမင်းကဆိုသည်။
ထိုသို့ အသက်မပြည့်သည့် ကလေးများကို အလုပ်ခိုင်းစေသူ လုပ်ငန်းရှင်များအား ထိရောက်စွာအရေးယူဆောင်ရွက်ရန်လိုအပ်သော်လည်း လက်ရှိနိုင်ငံရေးအခြေနေများအရ ထိရောက်စွာအရေးယူနိုင်မှုမရှိဟု ၎င်းကဆက်ပြောသည်။
ကိုမင်းမင်းက “ကလေးလုပ်သားအရေတွက် လျော့ချနိုင်ဖို့ဆိုရင် အသက်မပြည့်သေးတဲ့ ကလေးတွေကို အလုပ်စေခိုင်းနေတဲ့ ကျူးလွန်သူတွေကို ဥပဒေ စိုးမိုးရေးရှိအောင် ထိရောက်စွာ အရေးယူသင့်တယ်။ ကလေးကာကွယ်ရေးလုပ်ငန်းတွေကိုလဲ တိုးမြှင့်ဖို့လုပ်ဆောင်သင့် တယ်။ အခုလက်ရှိ မြန်မာနိုင်ငံအခြေနေဟာဆိုရင်ဥပဒေရေးရာအရရော အုပ်ချုပ်ရေးစီမံရေးရာအရရော ပျက်ဆီးယိုယွင်းနေတဲ့ အချိန်ဆိုတော့ ဒီလိုတွေလုပ်ဆောင်နိုင်ဖို့က တော်တော်လေးခက်ခဲနေတဲ့ အခြေနေပါ”ဟု ပြောသည်။
မြန်မာနိုင်ငံတွင်စီးပွားရေးကျဆင်းမှု၊ကုန်ဈေးနှုန်းကြီးမြင့်မှုများကြောင့် မိသားစုဝင်ငွေအတွက် ကလေးများလည်း စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်ငန်း၊ အထည်ချုပ်၊ အိမ်တွင်းဝန်ဆောင်မှုနဲ့ သတ္တုတူးဖော်ရေး လုပ်ငန်းခွင်များတွင် ဝင်ရောက်လုပ်ကိုင်နေရသည်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ILO က ၂၀၂၃ခုနှစ်တွင် “လူမှု တရားမျှမှု ဖော်ဆောင်ဖို့နဲ့ ကလေးလုပ်သား အဆုံး သတ်စို့” ဟူသောဆောင်ပုဒ်ဖြင့် မြန်မာနိုင်ငံတွင်လည်း ကလေးများကို အကာအကွယ်ပေးရန်တိုက်တွန်းထားသည်။
ပုံစာ–လုပ်ငန်းခွင်အတွင်းတွေ့ရသည့် မြန်မာကလေးငယ်တစ်ဦးမြင်ကွင်း။
Photo-German Embassy Yangon
*********************************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1449
YouTube -> https://youtu.be/9ijGcDu-6fE
Website -> https://thanlwinkhet.net/?p=5124
Website ->https://eng.thanlwinkhet.net