သဇင်
ဇွန် ၁၀ ၊ ၂၀၂၃။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ကြားကာလ ပြည်သူ့တရားစီရင်ရေးအဖွဲ့မှ တရားသူကြီး ဦးပုဏ္ဏကကို မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) တပ်ဖွဲ့ဝင်များက ဖမ်းဆီးထားသည်ဟု ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။
ဇွန်လ ၇ရက်၊နံနက်(၉)နာရီခန့်တွင် ပုလဲမြို့နယ်၊ကုက္ကိုကုန်းရွာ နှင့် လက်ပုကန်ရွာကြားတွင် ဦးပုဏ္ဏက(ခ) ဦးဇာနည်မောင်ကို MRDAတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်။
ထိုသို့ ဖမ်းဆီးခြင်းသည် တရားဥပဒေမဲ့လုပ်ရပ်ဖြစ်သည့်အတွက် ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က MRDA အဖွဲ့ထံ ပြန်လွှတ်ပေးရန်သွားရောက်တွေ့ဆုံ တောင်းဆိုခဲ့သည်။
ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူ ကိုဇော်ထက်က
“၈ရက်နေ့ မနက်ပိုင်းက MRDA အဖွဲ့နဲ့တွေ့ပြီး ပြန်လွှတ်ပေးဖို့ ပြောခဲ့တယ်၊လွှတ်ပေးပါ့မယ် ကတိပေးပြီး ပြန်မလွှတ်တာ၊ခိုင်မာတဲ့ အကြောင်းပြချက်မရှိဘဲ ဖမ်းသွားတာပါ၊ဆေးသုံးလို့ ကိုဇာနည်မောင်ကြောင့် သူတို့ သိက္ခာကျစရာ ဖြစ်လို့ဆိုပြီး ဖမ်းထားတာပါ”ဟု ဆိုသည်။
ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် တရားသူကြီး ဦးပုဏ္ဏက ပြန်လည်လွတ်မြောက်ရေး အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန(MOD)ကိုလည်း တိုင်ကြားထားသည် ဟု ကိုဇော်ထက်က ဆက်ပြောသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သတ်ပြီး မြန်မာ့တော်ဝင်နဂါးတပ်တော်(MRDA)တပ်ဖွဲ့ တာဝန်ရှိသူထံ သံလွင်ခက်က ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။
အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် လက်နက်ကိုင်ကာ ဥပဒေမဲ့လုပ်ဆောင်နေမှုများကို ကြပ်ကြပ်မတ်မတ်ကိုင်တွယ်ရန် လိုအပ်ပြီး ထိုသို့မလုပ်ဆောင်နိုင်ပါက တော်လှန်ရေးအပေါ် ပြည်သူများ ယုံကြည့်မှု ကျဆင်းသွားနိုင်သည်ဟု ကိုဇော်ထက်ကဆိုသည်။
ပြီးခဲ့သည့် ၂၀၂၂ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ပုံတောင် PDF တပ်ဖွဲ့ဝင်တစ်ဦးကို ဗိုလ်နဂါးဦးဆောင်သည့် မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့သည်။
ပုံစာ-(NUG တရားရေးဝန်ကြီးဌာန မြို့နယ် ၁၇ မြို့နယ်ရှိ မြို့နယ်တရားသူကြီးအဖွဲ့များနှင့်တွေ့ဆုံမှုမြင်ကွင်း။ ပုံဟောင်း)
Photo -crd
*********************************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1390
YouTube -> https://youtu.be/E95gr8vKREs
Website -> https://thanlwinkhet.net/?p=5080
Website ->https://eng.thanlwinkhet.net