သဇင်
ဇွန် ၉၊၂၀၂၃။
စစ်ကိုင်းတိုင်း ၊ ကန့်ဘလူခရိုင်အတွင်းရှိ ကျန်းမာရေးစေတနာ့ဝန်ထမ်းများ စုပေါင်းကာ စစ်ဘေးရှောင်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့သည်ဟု ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့ က ထုတ်ပြန်ထားသည်။
ဇွန်လ ၂ရက်မှ ဇွန်လ ၇ရက်အတွင်း ကန့်ဘလူခရိုင်ရှိ ဆရာဝန်များ၊ကျန်းမာရေးဝန်ထမ်းများက စစ်ရှောင်စခန်းနှစ်ခု နှင့် စစ်ဘေးရှောင်ကျေးရွာတစ်ရွာတို့မှ စစ်ဘေးရှောင်ဦးရေ (၁၄၃)ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့သည်ဟု ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူက သံလွင်ခက်ကို ပြောသည်။
“ဆေးတပ်က ဆရာဝန်တွေကို အကူညီတောင်းပြီး စစ်ဘေးရှောင်တွေကို ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့တာပါ။တကယ်တမ်း စစ်ရှောင်နေရတဲ့ရွာတွေက အများကြီးရှိပေမယ့် လုံခြုံရေးအရကော၊ဘက်ဂျက်အနေအထားအရကော တခြားရွာတွေတော့ ကျန်းမာရေးစောင့်ရှောက်မှု မပေးနိုင်ခဲ့ဘူးဗျ“ဟု ဆိုသည်။
ကန့်ဘဘူခရိုင်အတွင်းရှိ ပြည်သူများမှာ စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးမှုဒဏ်ကြောင့် ၎င်းတို့၏ နေအိမ်တွင်မနေရဲတော့ဘဲ စစ်ရှောင်စခန်းများတွင်သာ အများဆုံးနေထိုင်နေကြသည့်အတွက် စစ်ရှောင်စခန်းများကို အဓိကသွားရောက်ကုသပေးရခြင်းဖြစ်သည်ဟု ကူညီသူတစ်ဦးက ပြောသည်။
“စစ်ရှောင်စခန်းတွေမှာက ဆေးကုသဖို့အတွက် လူစုရတာလွယ်တယ်။တခြား နေရာတွေမှာလည်း စစ်ရှောင်တွေအများအပြားရှိပေမယ့် တစ်နေရာဝင်၊တစ်နေရာထွက် လှည့်ပြီးမကုပေးနိုင်တော့ စစ်ရှောင်စခန်းတွေကို ဦးတည်ပြီးကုပေးရတဲ့သဘောပါ။ကျန်းမာရေးစောင့်ရှောက်မှုပေးတယ်ဆိုတာထက် medical cover လုပ်ပေးတာပါ ” ဟုဆိုသည်။
ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုပေးချိန်၌ သက်ကြီးရွယ်အိုများတွင် သွေးတိုး၊ဆီးချို၊တီဘီရောဂါ၊ မျက်စိတိမ်ဖုံးရောဂါနှင့် လေဖြတ်ဝေဒနာသည် အများဆုံးတွေ့ရပြီး သွေးလွန်တုပ်ကွေးရာသီဖြစ်သည့်အတွက် ကလေးငယ်များတွင်လည်း သွေးလွန်တုပ်ကွေးဖြစ်မည်ကို စိုးရိမ်ရသည်ဟု ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် ပါဝင်ခဲ့သူများက ဆိုသည်။
ယင်းအပြင် စစ်ဘေးရှောင်စခန်းများတွင် မိုးကာ၊အခြေခံစားသောက်ကုန်နှင့် ဆေးဝါးများ လိုအပ်လျက်ရှိပြီး ချပ်သင်းတိုက်နယ်၊ကိုးထောင်ဘို့တိုက်နယ်နှင့် ထန်းကုန်းတိုက်နယ်များတွင် မြွေအန္တရာယ်ပါ ကြုံတွေ့နေကြရသည်။
ပုံစာ–စစ်ဘေးရှောင်များအား ဆေးကုသမှု ပေးနေသည့်မြင်ကွင်း။
ဓာတ်ပုံ –ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့။
*********************************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1381
YouTube -> https://youtu.be/E95gr8vKREs
Website -> https://thanlwinkhet.net/?p=5062
Website ->https://eng.thanlwinkhet.net