သံလွင်ခက်
ဇွန် ၉၊ ၂၀၂၃။
အာဏာမသိမ်းမီကာလအတွင်း၌ ၃၀ ရာခိုင်နှုန်းကျော်ဖြင့်သာ အောင်ချက်ရှိခဲ့သည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲသည် လက်ရှိအာဏာသိမ်းကာလအတွင်း၌ အောင်ချက် သိသိသာသာ တိုးလာခဲ့ကာ ယခုနှစ်တွင် ၇၀ ရာခိုင်နှုန်းနီးပါးအထိ တိုးခဲ့သည်ကို တွေ့ရသည်။
ယခုနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်စာရင်းရလဒ်များကို စစ်ကောင်စီ၏ ပညာရေးဝန်ကြီးဌာနက ယနေ့တွင်ထုတ်ပြန်ခဲ့ရာ ဖြေဆိုသူ ၁ သိန်း ၆ သောင်းကျော်အနက် ၁ သိန်း ၁ သောင်းနီးပါးအထိ အောင်မြင်ခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အောင်မြင်မှု ၆၇.၈၇ ရာခိုင်နှုန်း ရှိလာခဲ့သည်။
အာဏာမသိမ်းမီ ၂၀၁၉ နှင့် ၂၀၂၀ ပညာသင်နှစ်တို့တွင် တက္ကသိုလ်ဝင်ခွင့်အောင်ချက် ၃၁ နှင့် ၃၂ ရာခိုင်နှုန်းခန့်သာ ရှိခဲ့ရာမှ အာဏာသိမ်းကာလ ၂၀၂၂ ခုနှစ်တွင် ၄၆ ရာခိုင်နှုန်းကျော်နှင့် ယခုနှစ်၌ ၆၇ ရာခိုင်နှုန်းကျော်အထိတိုးလာခြင်းဖြစ်သည်။
ယခုကဲ့သို့ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်နေခြင်းသည် ကျောင်းသူ၊ ကျောင်းသားများ၏ ပညာရည်ပြည့်ဝမှုကြောင့် မဖြစ်နိုင်ဘဲ စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ အောင်ချက် တိုးမြင့်ပေးနေခြင်းဖြစ်သည်ဟုသာ ယူဆရကြောင်း ဘာသာစကား သင်ကြားရေးဆရာ ကိုဇင်ဇေက သံလွင်ခက်ကို ပြောသည်။
“ဒီကာလထဲ ဆရာ၊ ဆရာမတွေက နည်းတယ်။ ရှိတဲ့ ဆရာ၊ ဆရာမတွေကလည်း Skill မပြည့်တာ များတယ်။ကျောင်းသားတွေကလည်း စာကို အာရုံ စိုက်နိုင်ဖို့ နည်းတယ်။ ဒီတော့ ကျောင်းသား ကျောင်းသူတွေ ပိုတော်လာလို့အောင်ချက် ကောင်းလာတာတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အောင်ချက် ကောင်းတယ်ဆိုတဲ့ ပုံရိပ် ပြချင်လို့ လွယ်လွယ် အအောင်ပေးထားတယ်လို့ပဲ မြင်ပါတယ်” ဟု ၎င်းက ပြောသည်။
၂၀၂၂ ခုနှစ် ပညာသင်နှစ်တွင် အောင်ချက် ၂၆ ရာခိုင်နှုန်းကျော်ဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာ အဆင့်အောက်ဆုံး၌ ရှိနေခဲ့သော ချင်းပြည်နယ်တွင် ယခုနှစ် တက္ကသိုလ်ဝင်တန်းအောင်ချက်မှာ ၇၂ ရာခိုင်နှုန်းကျော်အထိရှိခဲ့ပြီးအဆင့် ၅ နေရာအထိ တိုးလာခဲ့သည်။
ထို့ပြင် အမျိုးသားညီညွတ်ရေးအစိုးရ NUG အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာ၏ ဇာတိ မတူပီမြို့နယ်ရှိ လိုင်လင်းပီစာစစ်ဌာနတွင် ဖြေဆိုသူ အားလုံးနီးပါး ဂုဏ်ထူးထွက်ခဲ့ကြသည်။
ထိုသို့ လိုင်လင်းပီစာစစ်ဌာနတွင် အောင်ချက်ကောင်းခဲ့သည့် ကိစ္စ၊ လိုင်လင်းပီရှိ ဒေသခံများ စစ်ကောင်စီကျောင်းတွင် စာမေးပွဲ ဝင်ရောက် ဖြေဆိုခဲ့ခြင်းနှင့်ပတ်သက်၍ NUG ပြည်ထောင်စုဝန်ကြီးအပေါ် ဝေဖန်မှုတချို့ ထွက်ပေါ်နေသည်။
ချင်းအမျိုးသားတစ်ဦးက “NUG ပြည်ထောင်စုဝန်ကြီး Dr. SA SA ရဲ့ဇာတိမြို့ အကြမ်းဖက်စစ်တပ်ကျောင်းမှ၂၀၂၂–၂၀၂၃ ပညာသင်နှစ် ၁၀ တန်းအောင်စာရင်း!
NUG, ဝန်ကြီး Dr.SA SA ကတော့ သူ့ဇာတိမြို့ စစ်တပ်အင်အား ၁၀၀ တောင် မရှိတဲ့ စခန်းသိမ်းဖို့ထက် ဗျူဟာ/နည်းဗျူဟာကျကျ ရန်ကုန်မြို့ သိမ်းဖို့ကို စိတ်အားထက်သန်နေပါတယ်၊ ဒါမှ လက်နက်မိုးလည်းရွာမည်လို့မှတ်ချက်ပေးခဲ့ပါတယ်” ဟု လိုင်လင်ပီစာစစ်ဌာနမှ အောင်စာရင်းရလဒ်များနှင့်အတူ ဖော်ပြ၍ လူမှုစာမျက်နှာတွင်ပြောဆိုထားသည်။
ချင်းပြည်နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ ဖြေဆိုသူ ၂၈၂၄ ဦးအနက် ၂၀၄၅ ဦး အောင်မြင်ခဲ့ပြီး လိုင်လင်းပီစာစစ်ဌာနနည်းတူ ပလက်ဝမြို့နယ် စဆီးမြို့စာစစ်ဌာနတွင်လည်း အောင်မြင်သူအားလုံးနီးပါးဂုဏ်ထူးပါခဲ့ကြသည်။
“ဒီရလဒ်တွေက ရည်ရွယ်ချက်တွေ အများကြီး ပါတယ်လို့ ထင်တယ်။ အခုဆို ချင်း အချင်းချင်းတောင် ဝေဖန်ပြောဆိုမှုတွေ တွေ့နေရတယ်” ဟု ချင်းအမျိုးသမီးတစ်ဦးက သံလွင်ခက်ကို ပြောသည်။
ချင်းပြည်နယ်နည်းတူ ကချင်ပြည်နယ်တွင်လည်း ယမန်နှစ် ၂၀၂၂ ခုနှစ်၌ တက္ကသိုလ်ဝင်တန်းအောင်ချက် ၄၆.၃၇ရာခိုင်နှုန်း ရှိခဲ့ရာမှ ယခုနှစ်တွင် ဝင်ရောက်ဖြေဆိုသူ ၉ ထောင်ကျော်အနက် အောင်မြင်သူ ၇ ထောင်ကျော်ရှိကာ၇၄.၀၃ ရာခိုင်နှုန်းအထိ အောင်ချက် တိုးလာခဲ့သည်။
စစ်ကောင်စီ၏ လက်အောက်၌ ဖွင့်လှစ်ထားသည့် ကျောင်းများတွင် ကျောင်းတက်သူ နည်းပါးလာသဖြင့်တက္ကသိုလ်ဝင်တန်းအောင်ချက်များ တိုးမြှင့်တင်ပေးထားခြင်းသာ ဖြစ်နိုင်သည်ဟု ကချင်ပြည်နယ်မှ CDM ဆရာမတစ်ဦးက ပြောသည်။
“သူ့ကို မကြိုက်မှန်း သိတော့ သူ့ကို ကြိုက်လာအောင် မဲဆွယ်တဲ့ အနေနဲ့ အောင်ချက်ကို တိုးထားတာ ဖြစ်မှာပေါ့။တချို့မိဘတွေက မင်းတို့ CDM လုပ်လို့ ငါတို့ ကလေးတွေကို စာကောင်းကောင်း သင်ပေးမယ့် ဆရာမ မရှိဘူးတဲ့။အခုလာတဲ့ ဘာမှ မတတ်တဲ့သူတွေကို သင်ခိုင်းတာဆိုပြီး မိဘတစ်ယောက် ပြောတာလည်း ခံရတယ်” ဟုပြောသည်။
အာဏာမသိမ်းမီ၌ တက္ကသိုလ်ဝင်ခွင့်စာ မေးပွဲကို တစ်နှစ်လျှင် ကျောင်းသားဦးရေ ၉ သိန်းနှင့် ၁၀ သိန်းကြား ဝင်ရောက် ဖြေဆိုခဲ့ရာမှ အာဏာသိမ်းကာလအတွင်း၌ ကျောင်းသားဦးရေ ၁ သိန်းနှင့် ၃ သိန်းကြားခန့်သာ ဝင်ရောက်ဖြေဆိုကြသည်ဟု သိရသည်။
Photo – Myanmar Education Guide
*********************************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1376
YouTube -> https://youtu.be/E95gr8vKREs
Website -> https://thanlwinkhet.net/?p=5054
Website ->https://eng.thanlwinkhet.net