နန်းဆုပန်ခန့်
ဇွန်လ ၉၊ ၂၀၂၃။
အင်အား၁၀၀ ကျော်ပါစစ်ကောင်စီတပ်စစ်ကြောင်းက ဒေသခံပြည်သူများကို ဓားစာခံအဖြစ်ဖမ်းဆီး၍စစ်ကိုင်းတိုင်း၊ ဆားလင်းကြီး၊ ယင်းမာပင်၊ ပုလဲမြို့နယ် အတွင်းများကိုပတ်၍ စစ်ကြောင်းထိုးနေသည်ဟု ဒေသခံများထံမှ သိရသည်။
အဆိုပါ စစ်ကြောင်းသည် ဆားလင်းကြီးနှင့်ယင်းမာပင်မြို့နယ်များရှိကျေးရွာများကို လက်နက်ကြီး၊လက်နက်ငယ်များပစ်၍ စစ်ကြောင်းထိုးပြီးနောက် ယနေ့နံနက်ပိုင်းတွင် ပုလဲမြို့နယ် မုံကြိုင်းရွာအတွင်းသို့ ဝင်ရောက်လာခဲ့သည်ဟု သိရသည်။
“ ပုလဲနယ်ထဲမရောက်ခင် ဟိုးဘက် ဆားလင်းကြီး၊ ယင်းမာပင်တို့ဘက်ကလည်း ဓားစာခံ ၄၀ ကျော်လောက်ပါလာတယ် ။ မုံကြိုင်းရွာကိုရောက်တော့လည်း ထပ်ဖမ်းတယ် ” ဟု ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ကိုဇော်ထက်က သံလွင်ခက်ကို ပြောသည်။
စစ်ကောင်စီတပ်စစ်ကြောင်း မုံကြိုင်းရွာတွင်းသို့ ဝင်ရောက်လာချိန်၌ မပြေးနိုင်သည့် သက်ကြီးရွယ်အိုများကိုဘုန်းကြီးကျောင်းတွင်ထားရှိပြီး ပြုစုစောင့်ရှောက်ရန် သက်လတ်ပိုင်းအရွယ် လူငယ်များကျန်နေခဲ့ရာ စစ်ကြောင်းက လူငယ်တချို့ကို ဓားစာခံအဖြစ် ထပ်မံဖမ်းဆီးခဲ့သည်ဟု ၎င်းကဆက်ပြောသည်။
ယခုလအစပိုင်းတွင် မုံရွာနမခမှ (အနောက်မြောက်တိုင်းစစ်ဌာနချုပ်) ချင်းတွင်းမြစ်ကိုဖြတ်၍ ဝင်ရောက်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကြောင့် ဆားလင်းကြီး၊ ယင်းမာပင်၊ ပုလဲ မြို့နယ်တို့ရှိကျေးရွာပေါင်း ၂၀ ကျော်မှ ဒေသခံသောင်းချီထွက်ပြေး ရှောင်တိမ်းခဲ့ကြရသည်ဟု သိရသည်။
“စစ်ကြောင်းက နမခ ကထွက်လာတာပေါ့နော်။ ထွက်လာပြီးတော့ ချင်းတွင်းမြစ်ကူးပြီးတော့ ဆားလင်းကြီးရယ်၊ယင်းမာပင်ရယ်၊ ကျွန်တော်တို့ပုလဲရယ်ဆုံတဲ့နေရာက ရွာတွေကိုပတ်ပြီး စစ်ကြောင်းထိုးနေတာ။ မိုးလည်းရွာတော့စစ်ဘေးရှောင်တွေ ဒုက္ခရောက်နေတယ် ။ မိုးကလည်း ရွာလိုက် ရပ်လိုက်နဲ့ဗျ“ဟု ဒေသခံအမျိုးသားတစ်ဦးကပြောသည်။
လက်ရှိတွင်ထိုစစ်ကောင်စီစစ်ကြောင်းသည် စစ်ကြောင်းတစ်လျောက် ကျေးရွာများမှ ယူဆောင်လာသည့် ရိက္ခာပစ္စည်းများနှင့်အတူ ပုလဲမြို့နယ်အတွင်းရှိ ဇီးဖြူကုန်းရွာနှင့် အင်မထီးရွာဘက်သို့ဦးတည်နေသည်ဟု သိရသည်။
အင်မထီးရွာနှင့် ဇီးဖြူကုန်းရွာသည် ပျူစောထီးရွာများဖြစ်ပြီး စစ်ကောင်စီတပ်စစ်ကြောင်းများနှင့်အချိတ်အဆက်အမြဲတမ်းရှိသလို စစ်ကောင်စီတပ်စစ်ကြောင်းထိုးလျှင်လည်း ရိက္ခာများနှင့်အတူ ထိုကျေးရွာနှစ်ရွာသို့အမြဲသွားလေ့ရှိသည်ဟု ဒေသခံများကပြောသည်။
ပုံစာ–စစ်ကောင်စီတပ်စစ်ကြောင်းထိုးမှုကြောင့် ဒေသခံပြည်သူများ ထွက်ပြေးရှောင်တိမ်းနေရမှု ။
*********************************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1375
YouTube -> https://youtu.be/E95gr8vKREs
Website -> https://thanlwinkhet.net/?p=5050
Website ->https://eng.thanlwinkhet.net