နန်းဆုပန်ခန့်
ဇွန် ၈၊ ၂၀၂၃။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တောင်ပိုင်းရှိ ရွာတန်းရှည်ကျေးရွာအတွင်းကို စစ်ကောင်စီတပ်ကလက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့သောကြောင့် မိသားစုသုံးဦးထိခိုက်ခဲ့ပြီး ကလေးတစ်ဦးသေဆုံးခဲ့သည်ဟု ဒေသခံများထံမှ သိရသည် ။
ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင် ကေအဲန်ယူ တပ်မဟာ ၆၊ ကော့ကရိတ်မြို့နယ်၊ ရွာတန်းရှည်ကျေးရွာအတွင်းသို့ ယမန်နေ့ ဇွန်လ ၇ရက်၊ နံနက်အစောပိုင်းတွင် စစ်ကောင်စီတပ်၏ စကခ−၁၂ လက်အောက်ခံလှိုင်ဝအမြောက်တပ်မှ ၁၂၀ မမ လက်နက်ကြီး ၂ လုံးပစ်ခတ်ခဲ့သည်ဟု ဒေသခံတစ်ဦးကပြောသည်။
လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ရွာတန်းရှည်ရွာရှိ အသက် ၄၃ နှစ်အရွယ်အမျိုးသမီးတစ်ဦးမှာဘယ်ဘက်ပေါင် နှင့် ဘယ်ဘက်နားထင် ကျည်စထိမှန် စိုးရိမ် ဒဏ်ရာရရှိခဲ့ပြီး ၎င်း၏ အသက်၄ နှစ်အရွယ်သမီးမှာ ဘယ်ဘက် နှုတ်ခမ်းပေါက်ပြဲ ဒဏ်ရာရခဲ့ရကာ ၎င်း၏ အသက် ၁၂ နှစ်အရွယ်သားမှာ အသက် ဆုံးရှုံးခဲ့ရသည်ဟု ကေအဲန်ယူ ဗဟိုက ထုတ်ပြန်ထားသည်။
ကော့ကရိတ်မြို့နယ်တွင် ပြီးခဲ့သည့်မေလအတွင်း၌ ထိတွေ့တိုက်ပွဲတချို့ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ကလက်နက်ကြီး ပစ်ခတ်မှုများနှင့်လေကြောင်းတိုက်ခိုက်မှုများကို မကြာခဏပြုလုပ်နေသည်။
ထို့ကြောင့်ပြီးခဲ့သည့်မေလကုန်ပိုင်းနှင့်ယခုလဆန်းပိုင်းအတွင်း၌ ကော့ကရိတ်မြို့နယ်ရှိ ပြည်သူတချို့ ထိခိုက်သေဆုံးမှုများရှိခဲ့ပြီး နေအိမ် နှင့် ဘာသာရေးအဆောက်အဦးများလည်း ထိခိုက်ပျက်စီးခဲ့သည်ဟု ဒေသခံများထံမှသိရသည်။
ယခုသတင်းတွင် စိတ်မချမ်းမြေ့ဖွယ်သတင်းဓာတ်ပုံတချို့ပါဝင်နေပြီး သံလွင်ခက်၏ တယ်လီဂရမ်တွင်ဝင်ရောက်ကြည့်ရှုနိုင်သည်။
*********************************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1366
YouTube -> https://youtu.be/E95gr8vKREs
Website -> https://thanlwinkhet.net/?p=5037
Website ->https://eng.thanlwinkhet.net