ဇွန် ၈ ၊ ၂၀၂၃။
သံလွင်ခက်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ် ရပ်ကွက်များကို လျှပ်စစ်မီး စတင်ဖြန့်ဖြူးနေသည်ဟု စစ်ကောင်စီ၏ ထုတ်ပြန်ချက်သည် ဟန်ပြသာဖြစ်သည်ဟု ဒေသခံများက ပြောသည်။
လက်တလော စစ်တွေမြို့ပေါ်တွင် ယခင် တစ်လခန့်တည်းက ပေးထားသည့် လမ်းမီးသာ ရရှိနေသည်ဟု ဒေသခံတစ်ဦးက သံလွင်ခက်သတင်းဌာနကို ပြောသည်။
၎င်းက ” လျှပ်စစ်မီးမရပါဘူး။ လမ်းမကြီးပေါ်တွေမှာတော့ ပေးနေတာပေါ့ အဲ့တာကလည်း မဟာဓာတ်အားလိုင်းက ပေးတာ မဟုတ်ဘူး။ မီးစက်နဲ့ပေးတာလို့ပဲ သိရပါတယ်။ ရတဲ့နေတဲ့နေရာတွေကတော့ အစိုးရရုံးနဲ့နီးတဲ့နေရာတွေ ရကောင်း ရနိုင်တာပေါ့ ” ဟုဆိုသည်။
၂၀၁၄ တွင်ကောက်ယူထားသည့် သန်းခေါင်စာရင်းအရ စစ်တွေမြို့တွင် ရပ်ကွက်ပေါင်း ၃၂ ရပ်ကွက်ရှိသည်။သံလွင်ခက်က စုံစမ်းသိရှိရသလောက် ရပ်ကွက်အနည်းစုသာ လျှပ်စစ်မီးရရှိနေသည်။
လျှပ်စစ်မီးမရရှိသေးသည့် ဒေသခံများအနေဖြင့် အစားထိုးလောင်စာများကိုသာ အသုံးပြု၍ ထမင်း၊ ဟင်းချက်ပြုနေရသည်ဟု စစ်တွေမြို့ပေါ်ရှိ ကယ်ဆယ်ရေးစခန်းမှ ဒေသခံတစ်ဦးက ပြောသည်။
၎င်းက ” ကျွန်တော်တို့ IDP ကန့်ဘက်မှာ လျှပ်စစ်မီးအခုထိမရသေးဘူး။ မီးရရင်ပိုကောင်းတယ် ကျွန်တော်တို့ဘက်မှာ ထမင်းချက်တာ၊ ဟင်းချက်တာအတွက် ပိုပြီးလွယ်ကူတယ်။ အခုက ထမင်းချက်တာ ဟင်းချက်တဲ့နေရာမှာ ပိုပြီး ပိုက်ဆံတွေ ကုန်တာပေါ့ ” ဟုဆိုသည်။
စစ်တွေမြို့ ပြည်တော်သာရပ်ကွက်မှ ဒေသခံတစ်ဦးကမူ အချိန်ပိုင်းနှင့် မီးရရှိနေသော်လည်း တစ်မြို့လုံး မီးမရသေးဟု ဆိုသည်။
၎င်းက ” ဒီနေ့ဆိုရင် မနက်၇နာရီခွဲကနေ အခု ၁၁ နာရီအထောက်အထိရနေတယ်။ မရတဲ့နေရောတွေရှိပါသေးတယ်။တော်တော်များများ။ တစ်မြို့လုံးရရင်တော့ ပိုကောင်းတာပေါ့ဗျာ “ဟုဆိုသည်။
စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုဝန်ကြီးများက စစ်တွေမြို့ပေါ်ရပ်ကွက်များသို့ ဓာတ်အားဖြန့်ဖြူးခြင်းအခမ်းအနားသို့ တက်ရောက်စက်ခလုတ်နှိပ်ဖွင့်ပေးခဲ့ပြီး ဇွန်လ ၈ရက် ညပိုင်းတွင် စစ်တွေမြို့နှင့် ပုဏ္ဏားကျွန်းမြို့တို့ကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနိုင်ခဲ့သည်ဟု စစ်ကောင်စီပိုင်သတင်းစာများကဖော်ပြသည်။
မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်အများစုရှိ ဓာတ်တိုင်များ ပြိုလဲပျက်စီးခဲ့ပြီးနောက် စစ်တွေမြို့ရှိရပ်ကွက်တချို့ သာမီးပြန်လည် ရရှိခဲ့ခြင်းဖြစ်သည်။
မုန်တိုင်းဖြတ်ကျော်ဝင်ရောက်ခဲ့သည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ်တွင် မိုခါ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် လူနေအိမ် ၈၀ ရာခိုင်းနှုန်းထိ ပျက်စီးခဲ့သည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။
ပုံစာ – စစ်တွေမြို့ပေါ်ရပ်ကွက်များသို့ ဓာတ်အားစတင်ဖြန့်ဖြူးခြင်း အခမ်းအနား စစ်ကောင်စီပြုလုပ်သည့်မြင်ကွင်း။
*********************************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1364
YouTube -> https://youtu.be/E95gr8vKREs
Website -> https://thanlwinkhet.net/?p=5031
Website ->https://eng.thanlwinkhet.net