သံလွင်ခက်
ဇွန် ၈ ၊ ၂၀၂၃ ။
ပြီးခဲ့သည့်မေလအတွင်း၌ တိုက်ပွဲ၂၀၀ ကြိမ်ထိ ဖြစ်ပွားခဲ့သော ကေအဲန်ယူတပ်မဟာ၅ ထိန်းချုပ်နယ်မြေတွင် ယခုဇွန်လအစပိုင်းကတည်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်တပ်စခန်းများကို KNLA တပ်ဖွဲ့ဝင်များက အကြိမ်ကြိမ်ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ယနေ့တွင် ကေအဲန်ယူတပ်မဟာ ၅ မူတြော်သတင်းစဥ်က ထုတ်ပြန်သည် ။
ဇွန်လ၁ရက်မှ၃ရက်ထိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်တပ်စခန်းများကို KNLA တပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးခဲ့ပြီးတစ်ဦးဒဏ်ရာရရှိခဲ့ကာ KNLA တပ်ဖွဲ့ဝင်များထိခိုက်မှုမရှိခဲ့ ဟု ထုတ်ပြန်ချက်၌ဖော်ပြထားသည်။
KNLA-ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ အမှတ်(၅)တပ်မဟာ တပ်ဖွဲ့ဝင်များသည် မောဖိုးကျိုးတွင်အခြေချနေထိုင်သည့်
စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဇွန်လ ၃ရက် နံနက်၁၀ နာရီတွင် ရှောင်တခင်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးခဲ့သည်။
ဇွန်လ၂ ရက်၊ နံနက် ၁၁း၀၀နာရီအချိန်တွင် စစ်ကောင်စီ၏ခေါပူစခန်းအား KNLA တပ်ဖွဲ့ဝင်များက လျှပ်တပြက်ဝင်ရောက်တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးသွားခဲ့ပြီး ထိုနေ့ နေ့လည်ပိုင်းတွင်စစ်ကောင်စီတပ်စခန်း ယိုဒိုခိုဒေသရှိ ဘီဆာခီးစခန်းအားဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးခဲ့သည်။
ထို့နောက် ဇွန်လ၁ ရက်တွင် စစ်ကောင်စီတပ်စခန်းချရာ လူသောမြို့နယ်၊ ဘူးသိုမြို့နယ်နှင့် ဒွယ်လိုးမြို့နယ်အတွင်းတပ်စခန်းများအား KNLA တပ်ဖွဲ့ဝင်များက ၅ ကြိမ်တိတိဝင်ရောက်တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မူတြော်သတင်းစဥ်က ဖော်ပြထားသည်။
ကရင်ပြည်နယ်၊ မူတြော်ခရိုင်(ဖာပွန်ခရိုင်)
KNU-ကရင်အမျိုးသားအစည်းအရုံး အမှတ်(၅)တပ်မဟာ ထိန်းချုပ်နယ်မြေအတွင်း၌ အခြေချနေသည့် စစ်ကောင်စီတပ်နှင့် BGFတပ်များကို KNLA တပ်ဖွဲ့ဝင်များက တောက်လျောက်တိုက်ခိုက်နေခဲ့ရာ ပြီးခဲ့သောမေလတွင်တိုက်ပွဲပေါင်း ၂၀၀ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီနှင့် BGF တပ်ဖွဲ့ဝင်၁၂၂ ဦးသေဆုံး၍ ၄၈ဦးဒဏ်ရာရရှိခဲ့သည်။
ထို့ပြင် ယခုနှစ် အစပိုင်း သုံးလအတွင်း၌လည်း တိုက်ပွဲပေါင်း ၅၇၇ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီနှင့် BGF တပ်ဖွဲ့ဝင် ၂၀၈ ဦးသေဆုံး၍ ၁၄၉ ဦးဒဏ်ရာရရှိခဲ့သည်။
လက်ရှိအာဏာသိမ်းကာလအတွင်း၌ တိုက်ပွဲအများဆုံးဖြစ်ပွားထားသည့် ကေအဲန်ယူတပ်မဟာ ၅ နယ်မြေတွင် ပြီးခဲ့သော ၂၀၂၂ ခုနှစ်၌ တိုက်ပွဲပေါင်း ၂၇၃၇ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီနှင့် BGF တပ်ဖွဲ့ဝင် ၁၃၀၇ ဦးသေဆုံး၍၉၇၂ ဦးဒဏ်ရာရရှိခဲ့သည်ဟု မူတြော်သတင်းစဥ်က ထုတ်ပြန်ထားသည်။
ပုံစာ–ပြီးခဲ့သည့်မတ်လအတွင်း၌ တပ်မဟာ၅ နယ်မြေရှိ မယ်ခါးထာ စစ်ကောင်စီစခန်းအား KNLA တပ်ဖွဲ့ဝင်များစီးနင်းတိုက်ခိုက်ခဲ့မှု ။
*********************************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1360
YouTube -> https://youtu.be/E95gr8vKREs
Website -> https://thanlwinkhet.net/?p=5025
Website ->https://eng.thanlwinkhet.net