ကောင်းချစ်အောင်
ဇွန် ၁ ၊ ၂၀၂၃ ။
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မြောက်ခြမ်း၊ ဆုံကုန်းကျေးရွာရှိ မီးဘေးသင့်ပြည်သူများအတွက် တပ်ဖွဲ့၏လက်နက်ဝယ်ရန်လျာထားသည့်ရန်ပုံငွေကို အသုံးပြုကာ စားနပ်ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများ သွားရောက်လှူဒါန်းခဲ့သည်ဟု ဇာမဏီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
ဆုံကုန်းရွာရှိ အိမ်ထောင်စု ၁၄၀၊ ခန့်မှန်းဦးရေ ၃၀၀ကျော်အတွက်သိန်း၃၀ခန့်တန်ဖိုးရှိ ဆန်၊ စားသောက်ကုန်ပစ္စည်းများနှင့် အဝတ်အထည်များကို ယမန်နေ့ နံနက်ပိုင်း ၇နာရီခန့်က သွားရောက်လှုဒါန်းခဲ့သည်ဟု ဇာမဏီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်က သံလွင်ခက်ကိုပြောသည်။
“ကျွန်တော်တို့လည်း အရမ်းပိုက်ဆံမပေါပါဘူး။ ပြည်သူတွေကနေ တပ်ဖွဲ့အတွက် လက်နက်ဝယ်ဖို့လှူထား တဲ့အထဲကနေ မီးဘေးသင့်ပြည်သူတွေအတွက် တတ်နိုင်သလောက်လေးပြန်ကူညီတာပါ“ဟု၎င်းက ဆိုသည်။
မီးဘေးသင့်ပြည်သူများအား ဆုံကုန်းရွာ စာသင်ကျောင်းထဲတွင် လှူ ဒါန်းခွဲဝေခဲ့ခြင်းဖြစ်ပြီး တစ်အိမ်ထောင်လျှင်ဆန်နှစ်ပြည်နှုန်းစီ ခွဲဝေပေးခဲ့သည်ဟု သိရသည်။
အိမ်ခြေ ၃၀၀ကျော်၊ လူဦးရေ ၇၀၀ခန့်ရှိသည့် ဆုံကုန်းရွာကို မေလ ၂၈ရက်တွင် အင်အား ၇၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းက ဝင်ရောက်မီးရှို့ခဲ့ပြီး အိမ်ခြေ၂၀၀ခန့် ပျက်စီးခဲ့ရခြင်းဖြစ်သည်။
နေအိမ်ဆုံးရှုံးခံလိုက်ရသည့် ရွာခံပြည်သူများသည် နီးစပ်ရာတောထဲတွင် တဲများထိုးကာနေထိုင်လျက်ရှိကြပြီးနေထိုင်ရေးအတွက် အမိုးအကာများ၊ အခြေခံအစားအသောက်ပစ္စည်းများ လိုအပ်နေသည်ဟု ဇာမဏီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်ကပြောသည်။
“အိမ်မဆုံးရှုံးတဲ့သူတွေကတော့ ပြန်ဝင်နေကြတယ်။ အနည်းအကျဉ်းပေါ့ ။ အိမ်မရှိတော့တဲ့လူတွေကတော့ တောထဲမှာပဲပေါ့ ။ အဓိကကတော့ ဆန်၊ဆီ၊ဆား အခြေခံစားသောက်ကုန်တွေရယ် အမိုးအကာပစ္စည်းတွေလိုအပ်နေတာပါ“ဟု ဆိုသည်။
ယခုနှစ် မတ်လ ၂၅ရက်တွင်လည်း စစ်ကောင်စီတပ်များက အင်အား၅၀ဖြင့် ဆုံကုန်းရွာကို စီးနင်းခဲ့ပြီး ၎င်းတို့သတ်ဖြတ်မှုကြောင့် ထွက်မပြေးနိုင်သည့် သက်ကြီးရွယ်အို အမျိုးသမီး၆ဦးနှင့် အမျိုးသား၁ဦး သေဆုံးခဲ့ရသည်ဟု သိရသည်။
*******
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1282
YouTube -> https://youtu.be/Fuwj7S3m10U
Website -> https://thanlwinkhet.net/?p=4803
Website ->https://eng.thanlwinkhet.net