သံလွင်ခက်။
မေ ၃၁ ၊ ၂၀၂၃။
တရုတ်နိုင်ငံ၏ တိုက်တွန်းချက်ဖြင့် မြောက်ပိုင်း တိုင်ရင်းသားလက်နက်ကိုင် ၃ ဖွဲ့နှင့် စစ်ကောင်စီတို့ ဇွန်လ ၁ ရက်တွင် မိုင်းလားမြို့၌ တွေ့ဆုံသွားမည်ဟု မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA၏သတင်းဌာနက မေလ ၃၀ ရက်တွင် ထုတ်ပြန်ထားသည်။
တွေ့ဆုံဆွေးနွေးပွဲကို တရုတ်နိုင်ငံ၏ ကြားဝင်ညှိနှိုင်းပေးမှုအရ ရက္ခိုင့်တပ်တော် AA ၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA၊ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAAနှင့် စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC)တို့တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသည်ဟု ထုတ်ပြန်ထားသည်။
သက်ဆိုင်ရာအဖွဲ့များမှ ကိုယ်စားလှယ်အသီးသီး မိုင်းလားမြို့ကို ရောက်ရှိနေပြီး တွေ့ဆုံဆွေးနွေးပွဲတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်နိုင်ငံခြားရေးရာ အထူးသံတမန် မစ္စတာ ကောပေါင်လည်လည်း တရုတ်နိုင်ငံကိုယ်စားလှယ်အဖြစ်တက်ရောက်သွားမည်ဟု ဖော်ပြထားသည်။
ယခုကဲ့သို့ တရုတ်က ကြားဝင်ဆောင်ရွက်ခြင်းသည် ၎င်း၏ တစ်ကမ္ဘာလုံးဆိုင်ရာ သေနင်္ဂဗျူဟာ ခြေလှမ်းပေါ်ကလမ်းကြောင်းတစ်ခုဖြစ်သည်ဟု မြန်မာပြည် နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇောက ပြောသည်။
” သူက အစထဲက တစ်ကမ္ဘာလုံးအတွက် ကြွေးကြော်သံ ထုတ်ထားတာက ငြိမ်းချမ်းရေး ဖွံ့ဖြိုးတိုးတက်ရေးနဲ့ပူးပေါင်းဆောင်ရွက်ရေး အဲ့ဒီနည်းလမ်းတွေနဲ့ မိမိတို့ရဲ့ ပဋိပက္ခတွေကို အပြန်အလှန်တွေ့ဆုံဆွေးနွေးပြီးတော့အနာဂတ်တွေကို မျှဝေထားတဲ့ လူအဖွဲ့စည်းတည်ဆောက်ရေးဆိုပြီး ကြွေးကြော်ထာဖြစ်တာကို အဲ့ဒီအောက်မှာကျွန်မတို့ မြန်မာပြည်က အပူကြီးတစ်စက်ဖြစ်တော့ သူက ဒါကို ငြိမ်းချမ်းအောင်လုပ်ဖို့ သူအစောကြီးထဲကကြိုးစားနေတာဖြစ်တယ် “ဟု ဆိုသည်။
သုံးရက်ကြာတွေ့ဆုံမည့် အဆိုပါဆွေးနွေးပွဲကို တက်ရောက်လာမည့် ကိုယ်စားလှယ်များ၏ လုံခြုံရေးနှင့် နေထိုင်စားသောက်မှုကို MNDAA ကတာဝန်ယူသွားမည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
နွေဦးတော်လှန်ရေးမှ ပေါက်ဖွားလာသော တော်လှန်ရေးအဖွဲ့တချို့နှင့် လက်တွဲကာ စစ်အာဏာရှင်စနစ်ကို တိုက်ထုတ်ရန်အတွက် လုပ်သင့်လုပ်ထိုက်သည်များကို ဆက်လက်လုပ်ဆောင်သွားမည်ဟုလည်း မြောက်ပိုင်း တိုင်ရင်းသားလက်နက်ကိုင် ၃ ဖွဲ့က ဇန်နဝါရီလ ၁ ရက်နေ့တွင်ထုတ်ပြန်ထားသည်။
ယခုတွေ့ဆုံမှုအပေါ် စောင့်ကြည့်ရမှာဖြစ်ပြီး တော်လှန်ရေးအဖွဲ့အစည်းများကလည်း နားလည်မှုပေးရန် လိုသည်ဟု ဒေါက်တာ လှကျော်ဇောက ပြောသည်။
” ပြည်တွင်းမှာ လက်နက်ကိုင်တော်လှန်နေတဲ့ နွေဦးတော်လှန်ရေးက ရဲဘော်တွေ အတွက်ကတော့ တစ်စုံတစ်ရာအခက်ခဲပြဿနာတွေ ရှိနိုင်ပါတယ် ။ ဒါပေမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ စစ်ကောင်စီနဲ့ပေါင်းပြီးတော့ ဒီနွေဦးတော်လှန်ရေးကို ဖိနှိပ်တာမှမဟုတ်ဘဲ သူတို့လည်း သူတို့ဒေသ သူတို့လူမျိုးလွတ်မြောက်ရေးအတွက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားတာ ဒါကို ကျွန်မတို့ နားလည်ပေးရမယ်။ လုပ်စရာရှိတာ ကိုယ့်ဘာသာဆက်လုပ်ဖို့ပဲရှိတယ် ” ဟု ဆိုသည်။
အဆိုပါအဖွဲ့များသည် စစ်ကောင်စီကို လက်နက်ကိုင် ခုခံတော်လှန်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအပါအဝင် ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို စစ်ပညာသင်ကြားပေးခြင်း၊ စစ်အသုံးအဆောင်များ ကူညီထောက်ပံ့နေသော အဖွဲ့များလည်းဖြစ်သည်။
ယခုဆွေးနွေးပွဲ မတိုင်မှီ မတ်လ ၂၂ ရက်နေ့က နေပြည်တော်တွင် ဝ ပြည်သွေးစည်း ညီညွတ်ရေးပါတီ (UWSP)၊အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (MNDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ကိုယ်စားလှယ်များနှင့်စစ်ကောင်စီ၏ ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သည့်အဖွဲ့တို့ တွေ့ဆုံခဲ့သည်။
အဆိုပါ တွေ့ဆုံမှုတွင် ရွေးကောက်ပွဲကျင်းပရေးနှင့် ဖွဲ့စည်းပုံပြင်ဆင်ရေး ကိစ္စများကို သုံးရက်ကြာဆွေးနွေးခဲ့သည်ဟု စစ်ကောင်စီလက်အောက်ခံသတင်းဌာနများက ဖော်ပြကြသည်။
Photo – mongla news
*******
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1272
YouTube -> https://youtu.be/Fuwj7S3m10U
Website -> https://thanlwinkhet.net/?p=4759
Website ->https://eng.thanlwinkhet.net