သံလွင်ခက်
မေ ၃၀ ၊ ၂၀၂၃ ။
ထိုင်း–မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိ ကာကွယ်ရေးပူးပေါင်းကင်းစခန်းများကို အင်အား၂၀၀ကျော်ဖြင့် ဝင်ရောက်စီးနင်းခဲ့သည့် စစ်ကောင်စီတပ်သည် ထိခိုက်ကျဆုံးများပြီး တပ်ပြန်ဆုတ်သွားခဲ့ရသည်ဟုပူးပေါင်းစစ်ကြောင်းများထံမှ သိရသည်။
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဖြစ်သော တပ်မဟာ(၆) KNU/KNLA၊ ကော်ဘရာစစ်ကြောင်း(၁)၊ ကော်ဘရာစစ်ကြောင်း(၂)၊ ကျားသစ်နက်စစ်ကြောင်း၊ Golden Eagle ၊ Federal Wings ၊ ရောင်နီ စသည့်စစ်ကြောင်းများကမြဝတီမြို့အနီးနေရာများကို ဖြန့်ကျက်၍ စစ်ဆင်ရေးဖော်ဆောင်နေရာ ယမန်နေ့ ညနေ ၅ နာရီကျော်တွင် စစ်ကောင်စီတပ်က အင်အား ၂၀၀ ကျော်ဖြင့် ရှေ့တန်းကင်းစခန်းများကို ဝင်ရောက်စီးနင်းခြင်းဖြစ်သည်။
တောင်ပေါ်များတွင်ရှိသည့် ကင်းစခန်းများကို စစ်ကောင်စီတပ်က ဝင်ရောက်စီနင်းချိန် ပူးပေါင်းစစ်ကြောင်းများ၏ခုခံတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်စစ်ကြောင်း ပြန်ဆုတ်သွားခဲ့ရသည်ဟု ပူးပေါင်းစစ်ကြောင်းမှ PDF ရဲဘော်တစ်ဦးက သံလွင်ခက်ကိုပြောသည်။
” သူတို့က မေတ္တာလင်းမြိုင်ဘက်ကနေတိုးလာတာ။ ၅ နာရီကျော်က ထိတွေ့မှုဖြစ်ပြီး ၇ နာရီလောက်မှာ သူတို့ဘက်ကငြိမ်သွားတယ်။ အလောင်းတွေလာဆွဲတော့ ဒရုန်းတွေနဲ့ပါ ထပ်ကြဲလိုက်တယ် “ဟု ၎င်းကပြောသည်။
ထိတွေ့မှုအတွင်း စစ်ကောင်စီဘက်မှ တပ်များဆုတ်၍ ပြန်ငြိမ်သွားသည့်အခြေအနေ ၊ ဒရုန်းများဖြင့်ထပ်မံတိုက်ခိုက်ခဲ့သည့် အခြေအနေများကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးများနိုင်သော်လည်း အတည်ပြု၍ မရသေးဟု ၎င်းကပြောသည်။
ယမန်နေ့ညနေပိုင်းတွင် စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့်တက်လာခဲ့သော်လည်း ပူပေါင်းစစ်ကြောင်းဘက်မှ ကျဆုံးမှုမရှိဘဲ ရဲဘော်တချို့ထိခိုက်ဒဏ်ရာ ရရှိမှုအနည်းငယ်သာရှိခဲ့သည်ဟု သိရသည်။
ပြီးခဲ့သော မတ်လ ၂၅ ရက်တွင် မြဝတီမြို့အနီး ကုန်သွယ်ရေးဇုန်တိုက်ပွဲမှစ၍ ယခုလအထိ မြဝတီမြို့အနီး၌ ထိတွေ့တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေသည်။
စစ်ကောင်စီဘက်မှ တပ်မ(၄၄)၊ မ(၂)၊ ခလရ(၂၇၅)၊ ခမရ(၃၅၅)၊ လ (၈)၊ BGF၁၀၁၉ တပ်ရင်း၊ ခမရ(၁၁၈)၊သင်္ကန်းညီနောင်ဗျူဟာ စသည့်တပ်များနှင့် တော်လှန်ရေးပူးပေါင်းတပ်တို့အကြား နှစ်လအကြာ ထိတွေ့တိုက်ပွဲများ၌စစ်ကောင်စီ အရာရှိများအပါအဝင် ၁၁၄ဦး သေဆုံးခဲ့သည်ဟု ကော်ဘရာစစ်ကြောင်းက မေ၂၈ရက်တွင်ထုတ်ပြန်သည်။
ထို့ပြင် ၁၂၉ ဦး ဒဏ်ရာရပြီး၁၁ဦး အရှင်ဖမ်းဆီးရမိခဲ့ကာ ၆၀မမပြောင်းရှည် ၁လက်၊ ၆၀မမပြောင်းတို ၁ လက်၊၄၀မမ ၁ လက် အပါအဝင် လက်နက်မျိုးစုံ စုစုပေါင်း ၄၁လက် သိမ်းဆည်းရမိခဲ့သည့်အပြင် စစ်ကောင်စီလက်အောက်ခံ BGFစခန်း ၃ ခုကိုပါ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
နှစ်လတာ တိုက်ပွဲအတွင်း၌ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ရဲဘော် ၁၁ဦး ကျဆုံးခဲ့ပြီး ၃၉ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ Drone ၄စင်း ပျက်စီး ဆုံးရှုံးခဲ့သည်။
ပုံစာ–ကော်ဘရာစစ်ကြောင်း ဗျူဟာမှူး၊ စစ်ကြောင်းမှူး နှင့်တပ်ဖွဲ့ဝင်များ။
***********
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1258
YouTube -> https://youtu.be/Fuwj7S3m10U
Website -> https://thanlwinkhet.net/?p=4702
Website ->https://eng.thanlwinkhet.net