သံလွင်ခက်
မေ ၂၉၊ ၂၀၂၃။
မိုခါမုန်တိုင်းကြောင့် ရွာလုံးကျွတ် ပင်လယ်ရေတိုက်စားခံခဲ့ရသည့် ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်အတွင်းကသဲခုံကျေးရွာ ယနေ့ချိန်ထိ ပြန်လည်ထူထောင်ရေး ပြုလုပ်နိုင်ခြင်းမရှိသေးဟု ဒေသခံများနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များထံက သိရသည်။
ပေါက်တောမြို့နယ်တွင် ပရဟိတက လူမှုကူညီရေးအဖွဲ့အစည်းအချို့ ရောက်ရှိသော်လည်း ကျေးရွာပြန်လည်ထူထောင်ရန် လုံလောက်မှုမရှိသေးဟု လေဘေးသင့်ပြည်သူများကို ကူညီပေးနေသည့် ပေါက်တောဒေသခံတစ်ဦးက သံလွင်ခက်ကို ပြောသည်။
“သဲခုံရွာက တစ်ရွာလုံးပျက်စီးသွားတယ်။ ငတ်တဲ့သူလည်း ငတ်နေကြတယ်။ မိုးကာတွေလည်း မရောက်သေးဘူး။ရေက မလုံလောက်တာ မဟုတ်ဘဲ လုံးဝကို မရှိတာ” ဟု ၎င်းက ပြောသည်။
ပေါက်တောမြို့နှင့် မိုင် ၂၀ ခန့်ဝေးပြီး စစ်တွေမြို့၏ တစ်ဖက်ကမ်းတွင်ရှိသည့် အဆိုပါ သဲခုံကျေးရွာသည်အိမ်ခြေ ၄၀၀ ကျော်ခန့်ရှိပြီး မိုခါမုန်တိုင်းကြောင့် ကျေးရွာရှိ နေအိမ်များအားလုံးနီးပါး ပျက်စီးဆုံးရှုံးသွားသည်ဟုကူညီကယ်ဆယ်ရေးလုပ်နေသူ စာရေးဆရာ ဝေဟင်အောင်က သံလွင်ခက်ကို ပြောသည်။
“ဒီရေတက်လာတော့ ရှိသမျှအိမ်တွေကို ရိုက်ချသွားတယ်။ ဒီရေဆင်းသွားချိန်မှာ သဲသောင်ပဲ ကျန်ခဲ့တယ်။ ရွာရဲ့လေးပုံပုံလို့ သုံးပုံက အဲလိုဖြစ်သွားတယ်။ ကျန်ခဲ့တာအပိုင်းလည်း အကုန် ပကတိ ကျန်ခဲ့တာတော့ မဟုတ်ဘူး။သွပ်တွေလန်ပြီး အကာတွေ ပျက်စီးပြီး ကျန်ခဲ့တာ” ဟုပြောသည်။
ရခိုင်ပြည်နယ်တွင် လေဘေးသင့် ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများ သယ်ပို့ရာတွင် လမ်းခရီးကြန့်ကြာမှုများရှိနေသည် ဟု ရခိုင်ပြည်နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက သံလွင်ခက်ကို ပြောသည်။
“အရင်တုန်းကလို နယ်၊လုံ လူကြီးလက်မှတ်နဲ့မှ ပစ္စည်းတွေ သယ်ခွင့်ပေးတာ၊ အချိန်ယူပြီး စစ်ဆေးတာ၊ မကြာကြာအောင် အနှောက်ယှက်ပေးတာတို့ လာဘ်ယူတာတွေကတော့ မလုပ်သင့်တဲ့ အနေအထားပါ” ဟုပြောသည်။
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် မိုခါမုန်တိုင်းကြောင့် ပြည်သူ သုံးဦးသေဆုံးခဲ့ပြီး ပျက်စီးဆုံးရှုံးမှုမှာ ၉၀ရာခိုင်နှုန်းခန့်ရှိသည်ဟု ဒေသအခြေစိုက် ကူညီသူများက ထုတ်ပြန်ထားသည်။
ပုံစာ–မုန်တိုင်းအပြီး တွေ့မြင်ရသည့် သဲခုံကျေးရွာမြင်ကွင်း။
Photo – Wai Hun Aung Fb
***********
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1255
YouTube -> https://youtu.be/Fuwj7S3m10U
Website -> https://thanlwinkhet.net/?p=4699
Website ->https://eng.thanlwinkhet.net