ကောင်းချစ်အောင်
မေ ၂၉ ၊ ၂၀၂၃ ။
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင် ခုနစ်ဦး စစ်ကောင်စီတပ်ထံ ထွက်ပြေးသွားခဲ့ပြီးနောက် Eagle Brigade အဖွဲ့၏ လက်နက်၊ခဲယမ်းနှင့်စစ်အသုံးအဆောင်ပစ္စည်းများ စစ်ဆေးရေးဂိတ်၌ ဖမ်းဆီးခံလိုက်ရသည်ဟု အဆိုပါတပ်ဖွဲ့ထံမှ သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ လုံခြုံရေးပုံမှန်ပြုလုပ်နေသည့် ပခုက္ကူ–မြိုင်ကားလမ်းပေါ်ရှိ အင်ပင်စစ်ဆေးရေးဂိတ်တွင် မေလ၂၇ရက်၊ညနေ၌ လက်နက်များ ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်ဟု Eagle Brigade ပြောရေးဆိုခွင့်ရှိသူကိုJoe Blackက သံလွင်ခက်ကိုပြောသည်။
“ကျွန်တော်တို့အဖွဲ့ပစ္စည်းတွေပါ။ အရေအတွက်အမှန်က စစ်ကောင်စီဘက်ကထုတ်ပြန်တာထက်လျော့တယ်။ဆုံးရှုံးမှုကိုသေသေချာချာ စိစစ်တွက်ချက်ဆဲဖြစ်ပါတယ်။ အကြမ်းဖျင်းသိန်း၅၀၀ ကျော်လောက်ပါ“ဟု
၎င်းကဆိုသည်။
မြဝတီမြို့မှတဆင့်ပို့လိုက်သည့် လက်နက်နှင့် စစ်အသုံးအဆောင်ပစ္စည်းများကို သတင်းပေးပို့ချက်အရ ညနေ၃နာရီခွဲတွင်တစ်ကြိမ်၊ ၄နာရီခွဲတွင်တစ်ကြိမ် ဖမ်းဆီးရမိခဲ့သည်ဟု စစ်ကောင်စီဝါဒဖြန့် သတင်းချန်နယ်များတွင်ဖော်ပြထားသည်။
၎င်းတို့ချန်နယ်များ၏ ဖော်ပြချက်အရ ပထမအကြိမ်တွင် ပြည့်မဏ္ဍိုင်အမည်ရယာဉ်လိုင်းကို ရှာဖွေခဲ့ရာ M4 AR15တစ်လက်၊ ကျည်အိမ် ၁၅ခု၊ ကျည် ၂၃တောင့်၊ ၄၀မမ ဗုံးသီး၈လုံး၊ Eagle Brigade တံဆိပ်ပါ ရှပ်အင်္ကျီ၂၁ထည်နှင့် လည်စီး၁၀ထည်ကို သိမ်းဆည်းခဲ့သည်ဟု ဆိုသည်။
ဒုတိယအကြိမ်တွင် သုံးဘီးယာဉ်ဖြင့် သယ်ဆောင်လာသည့် 5.56 ကျည် ၁၂၈၀တောင့်၊ Eagle Brigade တံဆိပ်ပါစစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းမိခဲ့သည်ဟု ပါရှိသည်။
ပြည့်မဏ္ဍိုင်ယာဉ်လိုင်းမှ ယာဉ်မောင်းဖြစ်သူ ကိုကိုထွေးနှင့် လိုက်ပါလာသူအမျိုးသမီးနှစ်ဦး၊ သုံးဘီးယာဉ်မောင်းနှင်သူ ကိုဝေလင်းနိုင်နှင့် လိုက်ပါလာသူအမျိုးသမီးတစ်ဦးတို့ကို ဖမ်းဆီးခံရပြီး လက်ရှိအချိန်တွင် စစ်ကြောရေးတွင် ရောက်ရှိနေသည်ဟု အတွင်းသတင်းများအရ သိရသည်။
ယခုရက်ပိုင်းအတွင်း စစ်ကောင်စီထံ ထွက်ပြေးသွားသည့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များရှိပြီး သတင်းပေါက်ကြားမှုကြောင့်လည်း ဖြစ်နိုင်သည်ဟု ကိုJoe Black ကဆိုသည်။
“သတင်းပေးရှိလောက်တယ် စစ်ကောင်စီထံ အမှောင်ပြန်ခိုသွားသူတွေကို သံသယရှိမိတယ် တပ်အပ်မပြောနိုင်သေးဘူး ဆက်လက်စုံစမ်းသွားမှာပါ“ဟု ဆိုသည်။
အဆိုပါဆုံးရှုံးမှုအပေါ် စိတ်ပျက်မိသော်လည်း တော်လှန်ရေးနှစ်နှစ်တာကာလအတွင်း ယခုလိုဆုံးရှုံးများစွာ ကျော်ဖြတ်လာပြီးဖြစ်သောကြောင့် အဆုံးထိဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ကိုJoe Blackကဆိုသည်။
ပြီးခဲ့သည့်ရက်ပိုင်း မေ ၂၅ရက်တွင် ပခုက္ကူမြို့နယ်အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင် ခုနစ်ဦးသည် သေနတ်လေးနက်နှင့်အတူ ငွေကျပ် သိန်း၂၄၀၀ယူဆောင်ကာ အင်ပင်စစ်ဆေးရေးဂိတ်မှတဆင့် စစ်ကောင်စီတပ်ထံထွက်ပြေးမှုဖြစ်ပွားခဲ့သည်။
ပုံစာ– စစ်ကောင်စီသတင်းချန်နယ်များက ဖော်ပြထားသော Eagle Brigade၏ လက်နက်နှင့် စပ်ဆက်ပစ္စည်းများ။
***********
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1254
YouTube -> https://youtu.be/Fuwj7S3m10U
Website -> https://thanlwinkhet.net/?p=4694
Website ->https://eng.thanlwinkhet.net