သဇင်
မေလ ၂၉၊၂၀၂၃။
စစ်ကိုင်းတိုင်း၊ကန့်ဘလူခရိုင်၊ကျွန်းလှမြို့နယ်အတွင်းရှိ ကုက္ကိုကုန်းရွာနှင့် လွှတ်တိုက်ရွာတို့အား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သည်ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ယနေ့တွင် ထုတ်ပြန်ထားသည်။
မေလ ၂၈ ရက်နေ့က ကျွန်းလှမြို့နယ်၊ကုက္ကိုကုန်းရွာတွင် ညအိပ်တပ်စွဲခဲ့သော စစ်ကောင်စီလက်အောက်ခံခြေမြန်တပ်ရင်း–၃၆၁ နှင့် ပျူစောထီးစုပေါင်းအင်အား ၁၇၀ ခန့်ရှိသောစစ်ကြောင်းသည် ယနေ့မနက် ၇ နာရီတွင်ကုက္ကိုကုန်းမှ ပြည်သူပိုင်တန်ဖိုးကြီးပစ္စည်းများအား ရှာဖွေယူဆောင်ကာ မီးရှို့ဖျက်ဆီးခဲ့သည်ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့တာဝန်ရှိသူက သံလွင်ခက်ကိုပြောသည်။
“နေအိမ်ပျက်စီးမှု အရေတွက်ကိုတော့ အတည်မပြုနိုင်သေးပါဘူး။စစ်ကြောင်းက ကုက္ကိုကုန်းရွာထဲကတော့ ထွက်သွားပါပြီး။ခုလက်ရှိ လွှတ်တိုက်ရွာထဲရှိနေတုန်းပါ။ တစ်ရွာနဲ့တစ်ရွာ အရမ်းနီးတော့ နယ်မြေရှင်းလင်းဖို့လဲ မဝင်ရဲကြသေးပါဘူး”ဟုပြောသည်။
ထို့ပြင်ကုက္ကိုကုန်းရွာအား မီးရှို့ပြီးထွက်လာသော စစ်ကောင်စီတပ်နှင့် ပျူစောထီး စစ်ကြောင်းသည် ယနေ့ မနက်၈ နာရီတွင် လွှတ်တိုက်ရွာကို ထပ်မံမီးရှို့နေသည်ဟု ၎င်းကဆက်ပြောသည်။
လွှတ်တိုက်ရွာသည် စစ်ကောင်စီစစ်ကြောင်း၏ ဒုတိယအကြိမ် ဝင်ရောက်စီးနင်းခံရခြင်းဖြစ်ကာ ၂၀၂၂ခုနှစ်တွင်စစ်ကောင်စီတပ်မှ ပထမအကြိမ် ဝင်ရောက်စီးနင်းခဲ့ပြီး လွှတ်တိုက်ရွာခံ တစ်ဦးအား မီးရှို့ကာ အိမ်သာကျင်းထဲပစ်ချထားခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
စစ်ကောင်စီစစ်ကြောင်း၏ မီးရှို့ဖျက်ဆီးမှုကြောင့် ကုက္ကိုကုန်းနှင့် လွှတ်တိုက်ကျေးရွာတို့မှ နေအိမ် မီးလောင်ပျက်ဆီးဆုံးရှုံးမှုများကို သံလွင်ခက်က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
ပြီးခဲ့သည့် မေလ ၁၈ရက်နေ့မှစတင်ကာ စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်း(ခမရ)၃၆၈ စစ်ကြောင်းသည် စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင် ဇီးကုန်းတိုက်နယ်ရှိ မကျီးကုန်း၊ဆူးတပ်နှင့် ဖုတ်ကုန်းကျေးရွာများကို သုံးရက်ဆက်တိုက်မီးရှို့ဖျက်ဆီးခဲ့သည်။
စစ်ကြောင်းထိုးဝင်ရောက်မှုများကြောင့် ကျွန်းလှမြို့နယ်အတွင်းရှိကျေးရွာ (၁၃) ရွာနှင့် ကန့်ဘလူမြို့နယ်အတွင်းမှကျေးရွာပေါင်း (၁၆) ရွာရှိ ဒေသခံ တစ်သောင်းခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည်။
ပုံစာ–မေလ ၁၉ရက်နေ့က မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ဆူးတပ်ရွာမြင်ကွင်း ။
Photo –ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့။
***********
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1253
YouTube -> https://youtu.be/Fuwj7S3m10U
Website -> https://thanlwinkhet.net/?p=4686
Website ->https://eng.thanlwinkhet.net