သံလွင်ခက်
မေ ၂၉ ၊ ၂၀၂၃ ။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းကို စစ်ကောင်စီလေတပ်က ဂျက်တိုက်လေယာဥ်ဖြင့် ဗုံးကြဲချခဲ့သောကြောင့် ဘုန်းကြီးကျောင်းနှင့်စေတီများ ထိခိုက်ပျက်စီးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ယမန်နေ့ မေလ ၂၈ ရက် ည၁၀ နာရီခန့်တွင် စစ်ကောင်စီက ကော့ကရိတ်မြို့နယ်အတွင်းကို လေကြောင်းမှ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
” လယ်ဘောတဲနဲ့အောက်ဘောတဲကြားက ထက်လွတ်တောင် ဝါးစခန်းကျောင်း ၊ ည ၉နာရီ၅၀လောက်မှာ နှစ်လုံးလာကြဲသွားတာ။ တည့်တည့်ကျပြီး ကျောင်းတွေအကုန်လုံးပျက်စီးကုန်တယ် “ဟု ကျားဖြူစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဂျက်တိုက်လေယာဥ်ဖြင့် လာရောက်ဗုံးကြဲချခဲ့သည့်နေရာသည် ကျားဖြူစစ်ကြောင်း ထိန်းချုပ်ထားရာနေရာဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုတွင် သံဃာတော်နှင့်ပြည်သူများ ထိခိုက်မှုမရှိခဲ့ဟု သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်း မေ ၂၃ရက် ၊ ည ၁၁ နာရီခွဲခန့်တွင်လည်း ကေအဲန်ယူ တပ်မဟာ ၆ နယ်မြေ၊ ကော့ကရိတ်မြို့နယ် မောခီး ကျေးရွာအုပ်စု၊ ခလယ်လောကျယ်(ခ)ပနွယ်ဖိုးကလိုး ကျေးရွာ အတွင်းသို့ ဂျက်ဖိုက်တာများဖြင့်ဗုံး ၂ လုံး ကြဲချခဲ့ရာ ခရစ်ယာန် ဘုရားရှိခိုးကျောင်းကို ဗုံးထိမှန်ပြီး ပြန်လည်ပြုပြင်လို့မရသည်အထိပျက်စီးသွားခဲ့သည်။
ကော့ကရိတ်မြို့နယ်အတွင်းကို စစ်ကောင်စီတပ်က ယခုရက်ပိုင်းတွင် လေကြောင်းမှ ညအချိန်မတော် ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်နေသည့်အပြင် ကော့ကရိတ်မြို့ အခြေစိုက် ခလရ (၉၇) အမြောက်တပ်မှလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာများဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိနေသည်။
လက်ရှိများဖြင့်ပစ်ခန်မှုကြောင့် နေအိမ်များထိမှန်ပျက်စီးသည့်အပြင် ဒေသခံပြည်သူများနှင့်အိမ်မွေးတိရိစ္တာန်များ ထိခိုက်ဒဏ်ရာရရှိမှု နှင့် စိုက်ခင်းများ၊ ကားအပါအဝင် အသုံးအဆောင်ပစ္စည်းများ ထိခိုက်ပျက်စီးခဲ့သည်ဟုဒေသခံများထံမှ သိရသည်။
ပုံစာ– ကော့ကရိတ်မြို့နယ်အတွင်းကို စစ်ကောင်စီဗုံးကြဲမှုကြောင့် ဘာသာရေးအဆောက်အဦးများ ထိခိုက်ပျက်စီးမှု ။
***********
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1247
YouTube -> https://youtu.be/Fuwj7S3m10U
Website -> https://thanlwinkhet.net/?p=4683
Website ->https://eng.thanlwinkhet.net