ယမင်းဖူးပွင့်အောင်
မေ ၂၉၊ ၂၀၂၃။
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းဆွဲခံရပြီး သုံးဦးသေဆုံးခဲ့သည်ဟု ဒေသခံများထံက သိရသည်။
မတ္တရာမြို့နယ်၊ ကျောက်တံတားရွာ စာသင်ကျောင်းအနီး ကင်းလှည့်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ ခေတ္တရပ်နားနေစဉ် မတ္တရာပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့နံနက် ခြောက်နာရီခွဲအချိန်တွင် မိုင်းခွဲတိုက်ခဲ့ခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
လှည့်ကင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀ ဦးနှင့် စက်သေနတ်တစ်လက်ပါရှိပြီး နှစ်ရက်တစ်ကြိမ်ခန့်အဆိုပါကျောင်းအနီးတွင် လာရောက်စစ်ဆေးလေ့ရှိကာ ယနေ့နံနက်တွင် အောင်မြင်စွာ မိုင်းဆွဲနိုင်ခဲ့ခြင်းဖြစ်သည်ဟု မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ စစ်ရေးတာဝန်ခံက သံလွင်ခက်ကိုပြောသည်။
“နှစ်ရက်တစ်ခါလောက် စက်လက်ပါတဲ့ ကားအသေးလေးနဲ့ အင်အား ၁၀ ယောက်လောက် ကင်းလှည့်လေ့ရှိတယ်။မိုင်းခွဲဖို့ ကြိုးစားနေတာကြာပြီ။ ဒီနေ့မှ ခွဲလိုက်နိုင်တာ”ဟု ၎င်းကပြောသည်။
အဆိုပါ မိုင်းခွဲမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး နေရာတွင်သေဆုံးခဲ့ပြီး ကျန်တစ်ဦးက ဆေးရုံပို့ဆောင်စဉ်လမ်းတွင် သေဆုံးသွားခဲ့သည်ဟု ဒေသခံများထံက သိရသည်။
မိုင်းခွဲမှုအပြီးတွင် သေနတ်အချက် ၂၀ ခန့်ပစ်ဖောက်၍ ဘုန်းကြီးကျောင်းသို့ တစ်အိမ်တစ်ယောက်မလာမနေရအစည်းအဝေးခေါ်နေသည်ဟု စစ်ရေးတာဝန်ခံက ဆက်ပြောသည်။
ပြီးခဲ့သည့် မေလ ၂၈ ရက်(ယမန်နေ့) ကလည်း မတ္တရာမြို့နယ်အရှေ့ပိုင်း ၊ မြောင်းဦးကျေးရွာတွင် အင်အား ၆၀ခန့်ရှိသည့် စစ်ကောင်စီစစ်ကြောင်းကို မတ္တရာပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခဲ့သည်။
(ယမန်နေ့က ဗုံးကြဲတိုက်ခဲ့သည့် ဗီဒီယို ရုပ်သံမှတ်တမ်း/ပေးပို့)
***********
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1246
YouTube -> https://youtu.be/Fuwj7S3m10U
Website -> https://thanlwinkhet.net/?p=4680
Website ->https://eng.thanlwinkhet.net