သံလွင်ခက်
မေ ၂၉ ၊ ၂၀၂၃ ။
ကရင်ပြည်နယ်၊ ကေအဲန်ယူတပ်မဟာ ၆ ထိန်းချုပ်နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်စခန်း ၃ခုကို ပူးပေါင်းတပ်ဖွဲ့များမှ တစ်ပြိုင်တည်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ တပ်ရင်းမှူး ၁ဦးအပါအဝင် ၉ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့သည်ဟု FederalWings ဒရုန်းတပ်ဖွဲ့က ယနေ့တွင် သတင်းထုတ်ပြန်သည်။
မြဝတီမြို့တောင်ဘက်ရှိ စစ်ကောင်စီ၏ ဝေါ်လေဗျူဟာကုန်း၊ မော်ခီးစခန်းနှင့် ကနဲလေးစခန်းတို့ကို မေလ၂၃ရက်မှစတင်ပြီး KNU/KNLA (၂၀၁) တပ်ရင်း၊ KNDO တပ်ရင်း (၈) နှင့် Federal Wings Drone တပ်ဖွဲ့များပါဝင်သည့် ပူးပေါင်းအဖွဲ့က စစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ တိုက်ခိုက်မှုများအတွင်း၌ စစ်ကောင်စီတပ်၏ ကနဲလေးစခန်းမှ တပ်ရင်းမှူး ၁ဦး အပါအဝင် ၉ဦး သေဆုံးကြောင်း စစ်မြေပြင်ရှိ KNDO တပ်ရင်း (၈) နှင့် Federal Wings ပူးပေါင်းအဖွဲ့၏ ဒရုန်းဦးစီးမှူး KNDO တပ်ရင်း(၈) အရာရှိထံမှ သတင်းရရှိသည်။
တိုက်ခိုက်ခံရမှုတွင်ပါဝင်သည့် ဝေါ်လေဗျူဟာကုန်းနှင့် မော်ခီးစခန်း တို့တွင် ထိခိုက်မှုများရှိသော်လည်းအထိအခိုက်စာရင်းအား သတင်းအတည်ပြုနိုင်ခြင်းမရှိသေးပေ။
အဆိုပါတိုက်ခိုက်မှုအတွင်း၌ ပူးပေါင်းတပ်ဖွဲ့များဖက်မှ တပ်ဖွဲ့ဝင်၁ဦး ဒဏ်ရာရရှိခဲ့သည်ဟုသိရသည်။
တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်မှ မော်ခီးစခန်းအနီးရှိ ပနွယ်ဖိုးကလိုးရွာကို ဗုံးကျဲတိုက်ခိုက်ခဲ့ရာခရစ်ယာန်ဘုရားရှိခိုးကျောင်းအား ထိမှန်ပျက်စီးခဲ့သည်။
ထို့ပြင် စစ်ကောင်စီတပ်များသည် တိုက်ပွဲနှင့်မသက်ဆိုင်သည့် အနီးအနားရှိကျေးရွာများအား လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်လျက်ရှိသည်ဟု FederalWings ဒရုန်းတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ပုံစာ– FederalWings ဒရုန်းတပ်ဖွဲ့ဝင်များ ။
***********
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1234
YouTube -> https://youtu.be/Fuwj7S3m10U
Website -> https://thanlwinkhet.net/?p=4663
Website ->https://eng.thanlwinkhet.net