သံလွင်ခက်
မေ ၂၉ ၊ ၂၀၂၃ ။
သုံးလကျော်အကြာတိုက်ပွဲများ ဆက်တိုက်ပြင်းထန်ဖြစ်ပွားနေသည့် ဖယ်ခုံနှင့်ပင်လောင်းမြို့နယ်အစပ် ယခုလအတွင်းတိုက်ပွဲများ၌ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF B11 ဖယ်ခုံ တပ်ရင်းမှ တပ်ရင်းမှူး၊ တပ်စိပ်မှူးအပါအဝင် ရဲဘော်၅ဦး ကျဆုံးခဲ့သည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရှမ်း–ကယားနယ်စပ် ဖယ်ခုံမြို့နယ်နှင့်ပင်လောင်းမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့်PNO ပအိုဝ်းပြည်သူ့စစ်တပ်များ စစ်ကြောင်းထိုးနေမှုကြောင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက်မှစ၍ ယခုလအတွင်းထိ တိုက်ပွဲများဖြစ်ပွားနေသည်။
ဖယ်ခုံနှင့်ပင်လောင်းမြို့နယ်ရှိ ရှေ့တန်းစစ်မြေပြင်တွင် တော်လှန်ရေး ပူးပေါင်းတပ်များနှင့်အတူ KNDF B11 တပ်ရင်းမှ တိုက်ပွဲဝင်လျက်ရှိနေပြီး ယခုလအတွင်း၌ တပ်ဖွဲ့ဝင်၅ဦးကျဆုံးခဲ့သည်ကို KNDF B11 တပ်ရင်းက ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့်ရက်ပိုင်း မေ၂၇ရက်တွင် ဖယ်ခုံမြို့နယ် နှင့် ပင်လောင်းမြို့နယ် နယ်စပ်ရှိ လွယ်လုံကျေးရွာ ထိတွေ့တိုက်ပွဲအတွင်း၌ စစ်ကောင်စီတပ်အား တိုက်ခိုက်ရင်း KNDF B/11 မှ ရဲဘော် မောင်ရဲမြင့်ကျဆုံးခဲ့ပြီး ဈာပနအခမ်းအနားအား ယမန်နေ့တွင်ပြုလုပ်ခဲ့သည်။
အဆိုပါ လွယ်လုံကျေးရွာတွင် မေလ ၂၃ရက်က ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင်း၌လည်း KNDF B11 တပ်ရင်းမှတပ်စိပ်မှူးဒေါမိနစ်ကျဆုံးခဲ့သည်ဟု KNDF B11 တပ်ရင်းက ထုတ်ပြန်ထားသည်။
” ဖယ်ခုံနဲ့ပင်လောင်အစပ်မှာက တိုက်ပွဲတောက်လျောက်ဖြစ်နေတာ။ လေယာဥ်ကလည်း နေ့တိုင်းလိုလို လာတယ်။ဗုံးကြဲတယ်။ အခုလက်ရှိလည်း တိုက်ပွဲက ဆက်လက်ပြင်းထန်နိုင်မယ့်အခြေအနေပဲ “ဟု PNDF-KK မှ တာဝန်ရှိသူက သံလွင်ခက်ကိုပြောသည်။
ယခုလအစပိုင်းတွင် ဖယ်ခုံနှင့်ပင်လောင်းအစပ်တောင်စလုံးရွာတွင်တိုက်ပွဲပြင်းထန်ခဲ့ပြီး မေလ ၃ရက်နေ့တိုက်ပွဲ၌KNDF B11 တပ်ရင်းမှ ရဲဘော်စန်းမိုးကျော်နှင့်ရဲဘော်တင်အောင်မျိုးတို့ ကျဆုံးခဲ့သည်။
အဆိုပါတောင်စလုံးရွာ မေလ ၈ ရက်နေ့တိုက်ပွဲတွင်လည်း KNDF B11 တပ်ရင်းမှ တပ်ရင်းမှူး အန်းဂျေလိုသည်ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး မေ ၉ရက်တွင် ကျဆုံးသွားခဲ့သည်။
မေလ၈ရက်နေ့ တောင်စလုံးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က တိုက်လေယာဥ်နှစ်စီးဖြင့် တောက်လျောက်လာရောက်ပစ်ပတ်၊ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဖယ်ခုံနှင့်ပင်လောင်အစပ်တိုက်ပွဲများ၌ ပူးပေါင်းတပ်များနှင့်အတူတိုက်ပွဲဝင်နေသည့် မိုးဗြဲPDF တပ်ရင်း၂ မှ ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။
ဖယ်ခုံနှင့်ပင်လောင်းမြို့နယ်တို့တွင် နေ့စဥ်ရက်ဆက် တိုက်ပွဲများဖြစ်ပွားနေပြီး တိုက်ပွဲကာလ ကြာမြင့်သည်နှင့်အမျှ ခဲယမ်းများ၊ စားနပ်ရိက္ခာများ၊ ဆေးဝါးများနှင့် စက်သုံးဆီများ လိုအပ်လျှက်ရှိသောကြောင့် မိဘပြည်သူများအနေဖြင့် အားဖြည့်ကူညီ လှူဒါန်းပေးပါရန် KNDF/B-11(Pekhon)တပ်ရင်းက မေတ္တာရပ်ခံ ထားသည်။
ပုံစာ– ယခု မေလအတွင်း ဖယ်ခုံနှင့်ပင်လောင်း နယ်စပ်တိုက်ပွဲများ၌ ကျဆုံးခဲ့သော KNDF B11 တပ်ဖွဲ့ဝင်များ။
***********
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1233
YouTube -> https://youtu.be/Fuwj7S3m10U
Website -> https://thanlwinkhet.net/?p=4660
Website ->https://eng.thanlwinkhet.net