သံလွင်ခက်။
မေလ ၂၆၊ ၂၀၂၃။
ရန်ုကုန်တိုင်း၊ ကြည့်မြင်တိုင်၊ ပန်းပင်ကြီးလမ်း ဆန္ဒပြပွဲတွင် ဖမ်းဆီးခံခဲ့ရသည့် သတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းကို စစ်ကောင်စီလက်အောက်ခံ တရားခံရုံးက ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့သည်ဟု တရားရုံးနှင့် နီးစပ်သူများထံမှ သိရသည်။
ယနေ့ မေလ ၂၆ ရက်တွင် စစ်ကောင်စီလက်အောက်ခံ သင်္ဃန်းကျွန်းခရိုင် တရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) ဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု တရားရုံးနှင့် နီးစပ်သူ တစ်ဦးက သံလွင်ခက်သတင်းဌာနကို အတည်ပြုပြောသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်တွင် အင်းစိန်ထောင်တွင်း ကြည့်မြင်တိုင်မြို့နယ် အထူးတရားရုံးက မမှူးရတနာခက်မို့မို့ထွန်းအပါအဝင် လူငယ် ကိုးဦးကို ပုဒ်မ ၅၀၅–က ဖြင့် အမြင့်ဆုံးပြစ်ဒဏ် သုံးနှစ် ချမှတ်ခဲ့သည်။ထို့ကြောင့် လက်ရှိတွင် မမှူးရတနာခက်မို့မို့ထွန်းသည် ပုဒ်မှု နှစ်ခုအတွက် ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခံထားရသည်။
မမှူးရတနာခက်မို့မို့ထွန်းသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၅ ရက်တွင် ကြည့်မြင်တိုင်၊ ပန်းပင်ကြီးလမ်း ဆန္ဒပြကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကားဖြင့် တိုက် ဖြိုခွင်းချိန် ဆန္ဒထုတ်ဖော်သူများနှင့်အတူ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
ထိုသို့ စစ်ကောင်စီတပ်၏ ကားဖြင့် တိုက် ဖြိုခွင်းခံရမှုကြောင့် ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပြီး အင်းစိန်ဆေးရုံတွင်ခြေသလုံးရိုး ခွဲစိတ်ကာ စတီးချောင်း အစားထိုးကုသမှုကို လနှင့်ချီ ကုသခဲ့ရသည်။ လက်ရှိအချိန်အထိ ဝှီးချဲ၊ချိုင်းထောက်များ သုံးကာ သွားလာနေရသူတစ်ဦးလည်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းချိန်ကစပြီး သတင်းသမား ၁၃၀ ထက်မနည်း ဖမ်းဆီးထောင်ချခံခဲ့ရပြီး ၇၀ဦး ဆက်လက် ထိန်းသိမ်းထားဆဲဖြစ်သည်ဟု နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) ကထုတ်ပြန်ထားသည်။
***********
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1205
YouTube -> https://youtu.be/Fuwj7S3m10U
Website -> https://thanlwinkhet.net/?p=4609
Website ->https://eng.thanlwinkhet.net