ကောင်းချစ်အောင်
မေ ၂၂၊ ၂၀၂၃။
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာနှင့် ကျောက်တံတားကျေးရွာကြား မန္တလေး–မတ္တရာ ကားလမ်းပေါ်တွင် စစ်ကောင်စီယာဉ်တန်းအား ယမန်နေ့နံနက်၁၀နာရီခန့်က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု မြို့ပြပြောက်ကျားအဖွဲ့များထံမှ သိရသည်။
မန္တလေးမြို့ဘက်မှ မတ္တရာမြို့ဘက်သို့ မောင်းနှင်လာသည့် အဆိုပါယာဉ်တန်းတွင် ကိုးစီးပါဝင်ပြီး ရှေ့ထွက်မိုင်းသုံးလုံးဖြင့် စနစ်တကျဖောက်ခွဲခဲ့သည်ဟု မြနန္ဒာစစ်ဆင်ရေး(မန္တလေး) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက သံလွင်ခက်ကိုပြောသည်။
“သတင်းကြိုရလို့ မိုင်းတွေထောင်ထားတာ အရပ်သားကားကတော့မထိအောင် မိုင်းချတဲ့နေရာနဲ့ ကားအကွာအဝေးချိန်ပြီးဆွဲရတာပေါ့“ဟု ၎င်းကဆိုသည်။
အဆိုပါမိုင်းဆွဲမှုကြောင့် စစ်ကောင်စီယာဉ်တန်းမှ ကားလေးတစ်စီး၊ ကားကြီးတစ်စီး မိုင်းထိမှန်ပြီး အတွင်းသတင်းဆက်လက်စုံစမ်းချက်အရ ဗိုလ်အဆင့်အရာရှိတစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်ငါးဦး သေဆုံးခဲ့သည်ဟု မြနန္ဒာစစ်ဆင်ရေးအဖွဲ့ကဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသေဆုံးမှုနှင့်ပတ်သက်၍ သံလွင်ခက်က သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
ထိုတိုက်ခိုက်မှုအပြီး၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျောက်တံတားရွာနှင့် ထန်းပင်ကုန်းကျေးရွာကြားရှိလမ်းကြားများအား ပိတ်ဆို့ရှာဖွေခဲ့သော်လည်း မြို့ပြပြောက်ကျားအဖွဲ့ဝင်များမှာ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။
ထို့အပြင် ယမန်နေ့ကလည်း အမရပူရမြို့နယ် ကန်ပတ်လမ်းအနီးရှိ ပလစ ၂တပ်ရင်းအား မန္တလေးမြို့ပြပြောက်ကျားအဖွဲ့တစ်ခုက ဖောက်ခွဲရေးမစ်ရှင်တစ်ခုပြုလုပ်ခဲ့သည်ဟု သိရသည်။
***************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1156
YouTube -> https://youtu.be/1zvy3BjIqAs
Website -> https://thanlwinkhet.net/?p=4490
Website ->https://eng.thanlwinkhet.net