သဇင်
မေ ၂၂၊ ၂၀၂၃။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်တွင် မေလ ၁ လအတွင်း မြွေဆိုးကိုက်ခံရသူ ၅ ဦးရှိလာပြီဟု စစ်ဘေးရှောင်အရေးကူညီသူများထံမှသိရသည် ။
မေလ ၁ ရက်နေ့မှ ယနေ့ (မေလ ၂၂ရက်)အထိ မြွေဆိုးကိုက်ခံရသူ ၅ ဦးရှိပြီး ၎င်းတို့မှာ ကန့်ဘလူမြို့နယ် ၊ချပ်သင်းတိုက်နယ် နှင့် ကိုးတောင်ဘို့တိုက်နယ်မှ ရွာသားများဖြစ်ပြီး စစ်ရှောင်နေရင်း အကိုက်ခံရခြင်းဖြစ်သည်။
အဆိုပါ မြွေကိုက်ခံရသူများ ဆေးကုသမှု ခံယူနေရပြီး မိုးဦးကျကာလတွင် မြွေအန္တရာယ် ပိုရှိနိုင်သည်ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူတစ်ဦးက သံလွင်ခက်ကိုပြောသည်။
မိုခါမုန်တိုင်းကာလ အလွန်တွင် ရေကြီးရေလျှံမှုများကြောင့် မြွေများထွက်ပေါ်လာနိုင်သည့်အတွက် မြွေဆိုးအန္တရာယ်ကို သတိပြုကြရန်လိုအပ်သည်ဟု ကူညီသူများကလည်း သတိပေးထားသည်။
မုန်တိုင်းဒဏ်နှင့် စစ်ကောင်စီတပ်စစ်ကြောင်းထိုးမှုဒဏ်ကြောင့် ဒေသခံပြည်သူအများစုမှာ တောတောင်ထဲတွင်စစ်ဘေးရှောင်နေရပြီး မိုးဦးကျကာလဖြစ်သည့်အတွက် မြွေအန္တရာယ်နှင့်ပတ်သတ်ပြီး စိုးရိမ်မှုများမြင့်တက်နေသည်။
ထို့ပြင် မြွေကိုက်ခံရပါက လတ်တလော ကုသရန်မလွယ်ကူခြင်းနှင့် ဆေးဝါး နှင့် ခွဲစိတ်ရန် အသုံးဆောင်ပစ္စည်းများ ဝယ်ယူရန်အခက်အခဲများလည်းရှိသည်ဟု ကူညီသူတစ်ဦးက ပြောသည်။
“အရင်လက မြွေဆိုးပေါတဲ့ဒေသတွေကို BPI မြွေဆိပ်ဖြေဆေး ၂၅ လုံးတော့ ဖြန့်ဝေလှူဒါန်းထားတာလေးတော့ရှိတယ်။လိုအပ်ချက်ကတော့ မမှီသေးဘူးဗျ။ကျနော်တို့ ကြိုးစားနေပါတယ်။ အဓိကကတော့ ရန်ပုံငွေမရှိတော့ကူဖို့ခက်ခဲနေတယ်“ဟု ၎င်းကပြောသည်။
စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင်တွင် ၂၀၂၁ အာဏာသိမ်းချိန်မှ ၂၀၂၃ မေလထိ စစ်ဘေးရှောင်ပြည်သူ ခုနှစ်သောင်းခန့်ရှိလာပြီဟု ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့ က ထုတ်ပြန်ထားသည်။
ပုံစာ –မြွေကိုက်ခံရသူ လူနာများ ဆေးကုသမှုခံယူနေသည့်မြင်ကွင်း။
Photo – ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့။
***************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1150
YouTube -> https://youtu.be/1zvy3BjIqAs
Website -> https://thanlwinkhet.net/?p=4484
Website ->https://eng.thanlwinkhet.net