ကောင်းချစ်အောင်
မေ ၂၂၊ ၂၀၂၃။
မိုခါဆိုင်ကလုန်းမုန်တိုင်း ဒဏ်သင့် မြန်မာပြည်သူများအတွက် လူသားချင်းစာနာထောက်ထား အကူအညီများပေးအပ်ရာတွင် တော်လှန်ရေးအစုအဖွဲ့များမှတဆင့် တိုက်ရိုက်ပေးအပ်သွားရန် အမျိုးသားညီညွတ်ရေးအစိုးရကတိုက်တွန်းထားသည်။
အကူအညီများပေးအပ်ရာတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊တိုင်းရင်းသားအရပ်ဘက်အဖွဲ့အစည်းများထံသို့ တိုက်ရိုက်လုပ်ဆောင်သွားရန် တိုက်တွန်းထားခြင်းဖြစ်သည်။
အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ ဂျပန်၊ အီတလီ နှင့် မိတ်ဖက်အဖွဲ့အစည်းများပါဝင်သည့်G7အစည်းအဝေးကို ဂျပန်နိုင်ငံတွင် မေလ ၁၉ရက်နေ့မှ ၂၁ရက်နေ့အထိ သုံးရက်ကြာကျင်းပခဲ့ခြင်းဖြစ်သည်။
မြန်မာပြည်သူများနှင့်အတူရပ်တည်ပြီး စစ်မှန်သည့် ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်ရှိရေးအတွက် ပံ့ပိုးသွားမည်ဖြစ်ပြီး စစ်ကောင်စီအား အကြမ်းဖက်မှုများလျော့ချကာ ထောင်အတွင်း အကျဉ်းချခံထားရသူအားလုံးအားလွှတ်ပေးရန် G7နိုင်ငံခေါင်းဆောင်များက မေလ၂၀ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ထိုထုတ်ပြန်ချက်အပေါ် ထောက်ခံကြိုဆိုပြီး မြန်မာစစ်တပ်ဆီသို့ လက်နက်ရောင်းချစီးဆင်းမှုများ ရပ်တန့်သွားရန်၊ လိုအပ်သည့် လူသားချင်းစာနာမှုအကူအကူအညီများပေးအပ်သွားရန် အမျိုးသားညီညွတ်ရေးအစိုးရကယမန်နေ့က ထုတ်ပြန်ထားသည်။
အဆိုပါထုတ်ပြန်ချက်တွင် G7 နိုင်ငံများအနေဖြင့် နိုင်ငံရေး၊လုံခြုံရေးနှင့် လူ့အခွင့်အရေးအတွက် တိုက်ရိုက်ကူညီမှုများလုပ်ဆောင်သွားရန်၊ အာဆီယံအဖွဲ့အစည်းကို ထောက်ပံ့အားပေးမှုလုပ်ဆောင်သွားရန်၊ ထိရောက်သောဆောင်ရွက်မှုများတိုးတက်လာစေရန် နိုင်ငံတကာအသိုင်းအဝန်းကို တိုက်တွန်းပေးရန် စသည့်နည်းလမ်းသုံးသွယ်ပါဝင်သည့် မူဝါဒ(Three Track Policy)ကို ကျင့်သုံးသင့်သည်ဟု ဆိုထားသည်။
လက်ရှိတွင် ဗြိတိန်နိုင်ငံအနေဖြင့် မုန်တိုင်းဒဏ်သင့် ပြည်သူ ၁၇၅၀၀၀ အတွက် အမေရိကန်ဒေါ်လာ ၂သန်းခွဲကိုမြေပြင်အဖွဲ့အစည်းများနှင့် တိုက်ရိုက်ချိတ်ဆက်ကာ အကူအညီများပေးအပ်ထားသည်ဟု ဗြိတိန်သံရုံးကဆိုထားသည်။
မေလ ၁၄ရက်တွင် တိုက်ခတ်ခဲ့သည့် စူပါဆိုက်ကလုန်းမုန်တိုင်း မိုခါ(Mocha)ကြောင့် ရခိုင်ပြည်နယ်အတွင်းရှိနေအိမ် နှစ်သိန်းလေးသောင်းခန့် ဆုံးရှုံးခဲ့ရသည်ဟု အာဆီယံ လူသားချင်းစာနာမှုအကူအညီပေးရေးရုံး(AHA Centre)၏ ထုတ်ပြန်ချက်အရသိရသည်။
ပုံစာ–မိုခါမုန်တိုင်းကြောင့်ပျက်စီးသွားသည့် ရခိုင်နယ် တိမ်ညိုစစ်ရှောင်စခန်းမြင်ကွင်း။
***************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1150
YouTube -> https://youtu.be/1zvy3BjIqAs
Website -> https://thanlwinkhet.net/?p=4476
Website ->https://eng.thanlwinkhet.net