ကောင်းချစ်အောင်
မေ ၂၂၊ ၂၀၂၃။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာမှ အလင်းဝင်ရောက်လာသည့် ပျူစောထီးတပ်ဖွဲ့ဝင်တစ်ဦးကိုဆုကြေးငွေသိန်း၁၀၀ ချီးမြှင့်ခဲ့သည်ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။
အသက်၁၈နှစ်ဝန်းကျင်ရှိပြီဖြစ်သည့် မောင်ခိုင်မင်းစိုးသည် ပျူစောထီးတပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်နေသည်မှာ ၆လကျော်ရှိပြီဖြစ်ပြီး မိသားစုဝင်များနှင့်ဆက်သွယ်ကာ မေလ၂၀ရက်တွင် အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်သည်ဟု ဗျတ္တညီနောင်အဖွဲ့ တာဝန်ခံ ကိုဗျတ္တက သံလွင်ခက်ကိုပြောသည်။
“သူ့မိသားစုက ရွာအပြင်စစ်ဘေးရှောင်တဲတွေမှာနေနေရတာ သူကလည်း မိသားစုနဲ့ပြန်တွေ့ချင်တယ်ဆိုပြီးအစ်ကိုဖြစ်သူနဲ့လှမ်းဆက်သွယ်တာ ကျွန်တော်တို့ကလည်းကြားထဲကကူညီပေးတာပါ“ဟု ၎င်းကဆိုသည်။
အလင်းဝင်ရောက်ရာတွင် မောင်ခိုင်မင်းစိုးသည် AK သေနတ်တစ်လက်နှင့်အတူ ကျည်အတောင့် ၉၀၊ ကျည်ဘောက် ၃ခုယူဆောင်လာသဖြင့် ဗျတ္တညီနောင်နှင့် ဗိုလ်ထွန်းတောက်အဖွဲ့နှစ်ခုပူးပေါင်းကာ ဆုကြေးငွေချီးမြှင့်ခဲ့ခြင်းဖြစ်သည်။
“အခုလို အသိစိတ်အမှန်နဲ့ ပြန်ဝင်လာတာရယ် လက်နက်ပါတာရယ်ကြောင့် ကျွန်တော်တို့နှစ်ဖွဲ့ပေါင်းပြီး ဟိုကရှာဒီကရှာနဲ့ သိန်း၁၀၀ချီးမြှင့်လိုက်တာပါ နောက်အလင်းဝင်လာမယ့်သူတွေကိုလည်း ကြိုဆိုနေပါတယ်“ဟု ဆိုသည်။
လက်ရှိတွင် အလင်းဝင်ရောက်လာသူ မောင်ခိုင်မင်းစိုးနှင့် မိသားစုဝင်များကို ဘေးကင်းလုံခြုံရာသို့ ကာကွယ်ရေးတပ်ဖွဲ့များက ပြောင်းရွှေ့ပေးပြီးဖြစ်သည်။
ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး(Union Liberation Front)၏ Comrade Columnလက်အောက် အဖွဲ့များဖြစ်သည့် ဗျတ္တညီနောင်နှင့် ဗိုလ်ထွန်းတောက် အဖွဲ့များက ဘန့်ဘွေးပျူရွာကို မကြာခဏသွားရောက်တိုက်ခိုက်လေ့ရှိသည်ဟု ကာကွယ်ရေးတပ်ဖွဲ့များကဆိုသည်။
အဆိုပါဘန့်ဘွေးပျူရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အားသုံးဆယ်ခန့်အပြင် သေနတ်ပစ်သင်ပေးထားသည့် ပျူစောထီးအရေအတွက် ၁၅ဦးထက်မနည်းရှိသည်ဟု သိရသည်။
***************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1146
YouTube -> https://youtu.be/1zvy3BjIqAs
Website -> https://thanlwinkhet.net/?p=4468
Website ->https://eng.thanlwinkhet.net