ကောင်းချစ်အောင်
မေ ၁၉၊ ၂၀၂၃။
မုံရွာလူထုသပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုဝေမိုးနိုင်ကို ယနေ့နံနက်ပိုင်းက ထောင်ဒဏ် နှစ်နှစ်ဆယ် ထပ်မံချမှတ်ခဲ့သည်ဟု နီးစပ်သူများထံမှ တဆင့်သိရသည်။
မုံရွာအကျဉ်းထောင်တွင်းတရားရုံးမှ ကိုဝေမိုးနိုင်ကို နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂ ဖြင့် ထောင်ဒဏ် နှစ်နှစ်ဆယ် ချမှတ်လိုက်သည်ဟု တရားရုံးနှင့် နီးစပ်သူတစ်ဦးကပြောသည်။
“မနေ့က လျှောက်လဲချက်တင်ပြီးတော့ တစ်ပတ်နှစ်ပတ်လောက်ကြာမှ အမိန့်ချမယ်လို့ အစကကြားထားတာ ခုတော့ဒီနေ့မနက်ပိုင်းက အမိန့်ချသွားတာပါ ။
သူ့မိသားစုလည်းသိပြီးပါပြီ”ဟု ၎င်းကဆိုသည်။
ကိုဝေမိုးနိုင်သည် ပထမအကြိမ်တွင် ထောင်ဒဏ်၁၂နှစ်၊ ဒုတိယအကြိမ်တွင် ထောင်ဒဏ်၂၀နှစ်ချမှတ်ခံထားရသည့်အတွက် လက်ရှိတွင် စုစုပေါင်းထောင်ဒဏ်၅၂ အထိရှိလာပြီဖြစ်ပြီး မုံရွာစက်မှုဇုန်အတွင်း ရဲနှစ်ဦးကို သတ်ဖြတ်မှုနှင့် စပ်လျဉ်းပြီး စွပ်စွဲထားသည့် ပုဒ်မ ၃၀၂ တစ်မှု ကျန်ရှိသေးသည်ဟု သိရသည်။
နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂သည် အမြင့်ဆုံး သေဒဏ်အထိ ချမှတ်နိုင်သောကြောင့် ကိုဝေမိုးနိုင်၏ လုပ်ဖော်ကိုင်ဖက်မိတ်ဆွေများက စိုးရိမ်နေကြခြင်းဖြစ်သည်။
ကိုဝေမိုးနိုင်ကို၂၀၂၁ ခုနှစ် ဧပြီ ၁၅ရက်တွင် မုံရွာမြို့ ဆန္ဒပြသပိတ်တစ်ခုမှ အပြန်လမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အရပ်ဝတ်များဝတ်ဆင်ကာ ကားဖြင့်တိုက်၍ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။
ဖမ်းဆီးခံရမှုအပြီး စစ်ကြောရေးသို့အပို့ခံရကာ ပုဒ်မ ၅၀၅(က) ၆မှု၊ လူသတ်မှု၊ ဒလန်ရှင်းမှု၊ ဓားပြမှု၊ နိုင်ငံတော်ပုန်ကန်မှုစသည့် အမှုပေါင်း၁၃မှုဖြင့် စစ်ကောင်စီက တရားစွဲဆိုထားခြင်းလည်းဖြစ်သည်။
၂၀၂၂ခုနှစ် ဩဂုတ်လတွင် ကိုဝေမိုးနိုင်ကို ပုဒ်မ ၅ဝ၅ အမှု ၅မှုအတွက် တစ်မှုကို ၂ နှစ်စီနှင့် ထောင်ဒဏ် ၁ဝ နှစ်၊ သဘာဝဘေးပုဒ်မ ၂၅ဖြင့် ၂နှစ်၊ စုစုပေါင်း ၁၂နှစ် ပထမဆုံးအကြိမ် ချမှတ်ခဲ့ပြီး ထိုစဉ်က အမှုကိုလိုက်ပါဆောင်ရွက်သည့် ရှေ့နေများ ပါဝင်ခဲ့ခြင်းမရှိပေ။
ထို့အပြင် ယခုနှစ် မေလ၅ရက်တွင် လက်ကျန် ၅၀၅ တစ်မှုအတွက် ၃နှစ်၊ ရာဇသတ်ကြီးပုဒ်မ ၁၄၈ ရုန်းရင်းဆန်ခတ်မှုမှာဦးဆောင်မှုနှင့်၃နှစ်၊ ဓားပြမှုအတွက် ၂၀နှစ်၊ ဓားပြမှုကျုးလွန်စဉ် တစ်စုံတစ်ယောက်ကို နာကျင်စေမှု ပုဒ်မ ၃၉၇အတွက် ၇နှစ်နှင့် နာကျင်စေမှုအတွက် ၁နှစ် စုစုပေါင်း ၃၄နှစ်ချမှတ်ခဲ့သော်လည်း အဆိုပါငါးမှု၏ပြစ်ဒဏ်ကို နှစ်နှစ်ဆယ် တစ်ပေါင်းတည်းကျခံရန် အပြီးသတ်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
ကိုဝေမိုးနိုင်သည် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းချိန်မှစ၍ ဖမ်းဆီးမခံရချိန်အထိ မုံရွာမြို့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်များတွင် တက်ကြွစွာပါဝင်ဦးဆောင်ခဲ့သူတစ်ဦးဖြစ်သည်။
ကိုဝေမိုးနိုင်သည် လက်ရှိအချိန်တွင် ကျန်းမာရေးကောင်းမွန်လျက်ရှိပြီး စစ်ကြောရေးကာလအတွင်းရရှိခဲ့သည့် ဒဏ်ရာများလည်း သက်သာသွားပြီဖြစ်သည်ဟု အကျဉ်းထောင်အတွင်း အတူနေထိုင်ခဲ့ဖူးပြီး လွတ်မြောက်လာသူများထံမှ သိရသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မေလ ၁၈ရက်နေ့စာရင်းများအရ အကျဉ်းထောင်များတွင် ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသူ စုစုပေါင်း ၁၈၁၆၉ ဦးရှိသည့်အနက် ၅၇၉၆ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။
Photo-Wai Moe Naing’s Fb