နန်းဆုပန်ခန့်
မေလ ၁၉၊ ၂၀၂၃။
ကေအဲန်ယူ–ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ် နယ်မြေအတွင်းရှိ ကျေးရွာဒေသခံများကိုလူသားဒိုင်းအဖြစ်ဖမ်းဆီး၍ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမှုများ ဆက်တိုက်ပြုလုပ်နေသည်ဟု စစ်ဘေးရှောင်ကူညီနေသူများထံမှ သိရသည်။
ခလယ်လွီထူခရိုင် တပ်မဟာ ၃၊ မုန်းမြို့နယ်တွင် စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ကျေးရွာအတွင်းရှိ အရပ်သားပြည်သူ ၂ ဦးအား လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်ဟု ကေအဲန်ယူ–အရင်အမျိုးသားအစည်းအရုံး ထုတ်ပြန်သည်။
ယခုလ မေလ ၁၆ ရက်တွင် စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်းသည် တမာခေါကျေးရွာနှင့် တောင်စု(အနောက်) ကျေးရွာ အတွင်းရှိ အသက် ၄၀ နှင့် အသက် ၇၀ အရွယ် အမျိုးသားနှစ်ဦးကိုဖမ်းဆီးပြီး၁၇ ရက်တွင် ပြန်လည်လွတ်ပေးခဲ့သည်။
“ စစ်ကြောင်းလာတာ ကြိုသတင်းရတဲ့သူတွေကတော့ ရှောင်နိုင်ကြတယ်။ ပိတ်မိတဲ့ ရွာသားတွေကိုအကြပ်ကိုင်ပြီးဖမ်းတယ်။ သူတို့လုံခြုံစိတ်ချပြီးဆိုမှ ပြန်လွတ်တယ်။ စစ်ကြောင်းတွေ ဆက်တိုက်ထိုးနေတာ တစ်လကျော်လောက်ရှိပြီး” ဟု စစ်ရှောင်ကူညီသူတစ်ဦးက သံလွင်ခက်ကိုပြောသည်။
စစ်ကောင်စီတပ်စစ်ကြောင်း မကြာခဏစစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် တမာခေါ ကျေးရွာနှင့် တောင်စု(အနောက်) ကျေးရွာ အတွင်းရှိ အိမ်ခြေ ၂၂၆ လုံးမှ လူဦးရေ ၇၉၀ ဦးတို့မှာဘေးလွတ်ရာထွက်ပြေးရှောင်တိမ်းနေကြရသည်ဟု ကေအဲန်ယူဗဟိုက
ထုတ်ပြန်ထားသည်။
မုန်းမြို့နယ် ညောင်ပင်သာကျေးရွာတွင် ယခုလ မေလ ၁၀ ရက်တွင် စစ်ကောင်စီ၏ တပ်မ – ၄၄ ၊ ခလရ – ၇၃ ၊ခမရ – ၅၉၉ ၊ ခမရ – ၅၉၀ နှင့် ခလရ – ၄၈ တို့နှင့် KNLA တပ်ဖွဲ့ဝင်များ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
ပြီးခဲ့သော ဧပြီလ ၂၂ရက်တွင်လည မုန်းမြို့နယ်ရှိ နောင်ကုန်းစခန်း၊ ရန်မျိုးအောင်စခန်းနှင့်လယ်ဒိုမြို့နယ်ရှိညောင်ကုန်းစခန်းနှင့် ကျွန်းကုန်း စခန်းတို့ကို KNLA ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
အဆိုပါစခန်းသိမ်းတိုက်ပွဲများဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ကျောက်ကြီးမြို့နှင့်မုန်းမြို့နယ်အတွင်းရှိကျေးရွာများသို့ မကြာခဏစစ်ကြောင်းထိုးနေပြီး ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်မှုများပြုလုပ်နေရာ ယခုမေလ၁၀ရက် တွင် ညောင်ပင်သာရွာ၌ သက်ကြီးရွယ်အိုများအပါအဝင် ပြည်သူ ၂၀ဦးတို့ အစုလိုက်သတ်ဖြတ်ခံခဲ့ရသည်။
စစ်ကောင်စီတပ်များက မေလ ၁၃ ရက်တွင် မီးတိုင်တောကျေးရွာအတွင်းသို့ ဝင်ရောက်လာခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး မေလ ၁၄ ရက်တွင် ကျောင်းစု (ပေါ်ပီဒဲ) ကျေးရွာတွင် တိုက်ပွဲများထပ်မံဖြစ်ပွားခဲ့သည်။
အဆိုပါတိုက်ပွဲများနှင့်စစ်ကောင်စီတပ်စစ်ကြောင်းများကြောင့် မုန်းမြို့နယ်အတွင်းရှိ ကျေးရွာ၈ ရွာမှ လူဦးရေ၈၆၉၆ ဦးတို့သည်ဘေးလွတ်ရာ ရှောင်တိမ်းနေကြရသည်ဟု ကေအဲန်ယူဗဟိုက ထုတ်ပြန်ထားသည်။
အာဏာသိမ်းပြီးနောက်ပိုင်း တပ်မဟာ ၃ နယ်မြေတွင် စစ်ရှောင်ဦးရေ တစ်သိန်းခွဲကျော်ရှိသည့် အနက် မုန်း(မူး) မြို့နယ်နှင့် ကျောက်ကြီးမြို့နယ်တွင် စစ်ရှောင်ဦးရေ ၁ သိန်းကျော်ရှိသည်ဟု စစ်ဘေးရှောင်ကူညီနေသူများကပြောသည်။
ပုံစာ– စစ်ကြောင်းထိုးနေမှုကြောင့် ယခုလတွင် မုန်းမြို့နယ်အတွင်းရှိ ကျေးရွာဒေသခံများ ရှောင်တိမ်းနေရမှု။
********************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1115
YouTube -> https://youtu.be/xt0SgZzGK9A
Website -> https://thanlwinkhet.net/?p=4402
Website ->https://eng.thanlwinkhet.net