သံလွင်ခက်
မေ ၁၉ ၊ ၂၀၂၃ ။
ချင်းပြည်နယ်၊ မင်းတပ်မြို့တွင်းကို စစ်ကောင်စီ၏ ခလရ ၂၇၄ တပ်ရင်းက လက်နက်ကြီးများဖြင့်ပစ်ခတ်သောကြောင့် စစ်ဘေးရှောင်သက်ကြီးပိုင်းတစ်ဦးနှင့် ကလေးတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံမှသိရသည်။
စစ်ကောင်စီ၏ မင်းတပ်နယ်မြေခံတပ်ရင်းဖြစ်သည့် ခလရ ၂၇၄ တပ်ရင်းက မေလ ၁၇ ရက် ညသန်းခေါင်းယံအချိန်တွင် မင်းတပ်မြို့တွင်းကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် မြို့လည်ခေါင်တွင်တည်ရှိသော MBC မြို့မနှစ်ခြင်း ဘုရားကျောင်းဝန်းထဲ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့သည်။
လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် စစ်ဘေးရှောင် သက်ကြီးပိုင်း အမျိုးသားတစ်ဦး ပေါင်တွင်ထိခိုက်ဒဏ်ရာရပြီး ကလေးငယ်တစ်ဦးလည်းခြေတွင်ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဒေသခံတစ်ဦးကပြောသည်။
” လက်နက်ကြီးနဲ့ပစ်တာက ၅ ချက်လောက်ရှိတယ်။ ထိခိုက်ဒဏ်ရာရတဲ့သူတွေတော့ အသက်မစိုးရိမ်ရတော့ပါဘူး“ဟု မင်းတပ်မြို့ခံတစ်ဦးက သံလွင်ခက်ကိုပြောသည်။
မေလ ၁၇ရက်ညပိုင်းတွင် မင်းတပ်နယ်မြေခံတပ်ရင်း ခလရ ၂၇၄ တပ်နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များအကြားအပြန်အလှန်ပစ်ခတ်မှု နာရီဝက်ခန့်ဖြစ်ပွားခဲ့သေးသည်ဟု သိရသည်။
မင်းတပ်မြို့နယ်အတွင်းကို စစ်ကောင်စီက ယခုနှစ်အစပိုင်း၌ ဖုန်းလိုင်း၊ အင်တာနက်လိုင်းများဖြတ်တောက်၍လက်နက်ကြီးပစ်ခတ်မှုများအပါအဝင် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည်။
ပြီးခဲ့သော ဧပြီလတွင် လေကြောင်းတိုက်ခိုက်မှု ၁၉ ကြိမ်ရှိခဲ့ပြီး ဒေသခံပြည်သူ ၃ဦးအသက်ဆုံးရှုံးခဲ့ရသည်ဟုမင်းတပ်CDFက သတင်းထုတ်ပြန်ထားသည်။