သံလွင်ခက်။
မေ ၁၅၊ ၂၀၂၃။
အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါအရှိန်ကြောင့် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါ ခရိုင်၊ ဆောမြို့နယ်ကျောက်ထုတိုက်နယ်အတွင်းက စပါးလယ်ဧက ၁၀၀၀ ခန့်နီးပါး ရေမြှုပ်ပျက်စီးခဲ့သည်ဟု ဒေသခံများကပြောသည်။
ပြီးခဲ့သည့် မေ ၁၃ ရက်နှင့် ၁၄ ရက်များတွင် ၄၈ နာရီ ၂ ရက် နီးပါး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် လယ်ဧကများ ရေလွှမ်းမိုးခဲ့ခြင်းဖြစ်သည်။
လယ်ဧကများ ရေလွှမ်းမိုးခဲ့သည့်အတွက် လာမည့်နှစ်အတွက် စားနပ်ရိက္ခာမလုံလောက်မှုနှင့်ရင်ဆိုင်ကြုံတွေ့နိုင်သည်ဟု ဒေသခံ တောင်သူတစ်ဦးက သံလွင်ခက်သတင်းဌာနကို ပြောသည်။
၎င်းက ” ကျွန်တော်တို့ လာမယ့်နှစ်အတွက် အခက်ခဲရှိကုန်တာပေါ့။ စားသောက်ဖို့အတွက် ဒီဟာလေးတေွ အဓိကထားပြီး တစ်နှစ်စာ တစ်နှစ်စားကြရတာ။ လာမယ့်နှစ်အတွက် စားနပ်ရိက္ခာက လိုသွားတော့မှာပေါ့ ” ဟုဆိုသည်။
ကျောက်ထုတိုက်နယ်တွင် ကျေးရွာ ၄၅ ရွာရှိပြီး မိုခါအရှိန်ကြောင့် ဒေသအတွင်း ပျက်စီးစာရင်းများကို အတိကျစာရင်းပြုစုနေသည်ဟု ကျောက်ထုတိုက်နယ် ပြည်သူ့အုပ်ချုပ်ရေးမှူး ကိုယောကြီးက ပြောသည်။
ထို့ပြင် ကျောက်ထုတိုက်နယ်တွင် ရေမလွှမ်းမိုးဘဲ ကျန်ရှိနေသည့်စပါးများ ဆက်လက်ရှင်သန်နိုင်ရန် ပျက်စီးသွားသည့် ဆည် ၇ ခု၊ မြောင်း ၇ခုကို ပြန်လည် ပြုပြင်ရန် လုပ်ဆောင်လျက်ရှိသည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။
ကျောက်ထုတိုက်နယ် ပြည်သူ့အုပ်ချုပ်ရေးမှူး ကိုယောကြီးက ” ဆည်တွေပြန်ခတ်ရမယ်။ ရေမြောင်းတွေ ပြန်တူးရမယ်။ ဆည်မခတ်လို့ရေမသွင်းနိုင်ရင် အကုန်ပျက်စီးသွားပြီ။ စိုက်ပြီးသား စပါးပင်တွေက ဘယ်လိုမှ မအောင်မြင်နိုင်တော့ဘူး အဲ့ဒါအရေးကြီးလုပ်ဖို့ လိုအပ်နေတယ် “ဟုဆိုသည်။
ကျောက်ထုတိုက်နယ်တွင် စိုက်ပျိုးပြီး စပါးလယ်ဧကများ ရေနစ်မြှုပ်ခဲ့သည့်အပြင် ကြိုးတံတားများ၊ တံတားများကျိုးကျခဲ့သည့်အတွက် လမ်းပန်းဆက်သွယ်ရေးလည်း အခက်ခဲရှိနေသည်ဟု ဒေသခံများကပြောသည်။
ယနေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ကသာမြို့အနီးမှ ကုန်းတွင်းသို့ ရွေ့လျားဝင်ရောက်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “မိုခါ” (MOCHA)သည် ကချင်ပြည်နယ်၊ ဗန်းမော်မြို့အနီးမှ အရှေ့–အရှေ့မြောက်ယွန်းယွန်းသို့ ရွေ့လျားခဲ့ပြီး၊ တရုတ်–မြန်မာနယ်စပ်တွင် မုန်တိုင်းငယ်(Depression) အဖြစ်သို့အားလျော့သွားသည်ဟု မိုးဇလက ယနေ့ထုတ်ပြန်သည်။
ထိုပြင် နောက်(၃)နာရီအတွင်း လေဖိအားနည်းရပ်ဝန်း (Low Pressure Area)အဖြစ် တဖြည်းဖြည်း အားလျော့သွားမည်ဟု မိုးဇလက ခန့်မှန်းထားသည်။
ပုံစာ – ရေလွှမ်းမိုးခံခဲ့ရသည့် ကျောက်ထုတိုက်နယ်အတွင်းက စပါးခင်းများမြင်ကွင်း။
********************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1041
YouTube -> https://youtu.be/xt0SgZzGK9A
Website -> https://thanlwinkhet.net/?p=4282
Website ->https://eng.thanlwinkhet.net