သံလွင်ခက်
မေ ၁၅၊ ၂၀၂၃။
စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူစစ် PNO တပ်များ ပူးပေါင်း၍ စစ်ကြောင်းထိုးနေမှုကြောင့် ၃ လနီးပါးအကြာတိုက်ပွဲများ ဆက်တိုက်ဖြစ်နေသည့် ရှမ်း–ကယားနယ်စပ်တွင် မိုးရွာသွန်းနေသောကြောင့် ရှေ့တန်းရဲဘော်များမိုးကာအင်္ကျီ အရေးပေါ် လိုအပ်နေသည်ဟု သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ရှမ်း–ကယားနယ်စပ် ဖယ်ခုံမြို့နယ်နှင့် ပင်လောင်းမြို့နယ်တို့တွင် ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၂၄ ရက်ကတည်းက ယခုလအထိ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေသည်။ တိုက်ပွဲအတွက် အခြားအရေးကြီးပစ္စည်းများကိုသာ ဦးစားပေး စီစဥ်နေခဲ့ရသဖြင့် လက်ရှိမုန်တိုင်းကြောင့် မိုးများ ရွာသွန်းလာချိန်၌ရဲဘော်များမှာ အမိုးအကာ မလုံလောက်မှုနှင့် ကြုံနေကြရခြင်းဖြစ်သည်။
ထိုအခြေအနေကြောင့် ဖယ်ခုံ–ပင်လောင်း တိုက်ပွဲနယ်မြေအတွင်း ရောက်ရှိနေသည့် မိုးဗြဲ PDF တပ်ရင်း ၂ ၌ရဲဘော်များအတွက် မိုးကာအင်္ကျီ အထည် ၁၀၀ အရေးပေါ်လိုအပ်နေသည်ဟု သတင်းနှင့် ပြန်ကြားရေးတာဝန်ခံခွန်သိန်းဦးက သံလွင်ခက်ကို ပြောသည်။
“မိုးကာအတွက်က ကျွန်တော်တို့ မပြင်ထားဘူးပေါ့။ အခု မိုးရွာတော့ နှစ်ယောက် တစ်ထည်၊ သုံးယောက် တစ်ထည် ခြုံရတဲ့ ဟာမျိုးတွေနဲ့ နေရတာပေါ့နော်။ မိုးကာအင်္ကျီတွေ တစ်ယောက် တစ်ထည် ရရင်တော့ အများကြီး ခံသာပါတယ်။ အခြား ခံနိုင်ရည်ပိုင်းရော မိုးဒဏ်၊ အအေးဒဏ်ရောပေါ့နော်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် မုန်တိုင်းကြောင့် မိုးများ ရွာသွန်းနေသည့်အပြင် မကြာမီတွင်လည်း မိုးတွင်းကာလ ရောက်လာမည်ဖြစ်သောကြောင့် ရဲဘော်များ မိုးဒဏ်၊ အအေးဒဏ် ခံနိုင်ရန်အတွက် လွန်စွာ အရေးကြီးသည်ဟု ၎င်းကပြောသည်။
ပုံမှန် မိုးရာသီများတွင် တောတွင်း ရဲဘော်များအနေဖြင့် ငှက်ဖျားရောဂါအပါအဝင် မိုးဒဏ်ကြောင့် နေမကောင်းဖျားနာမှုများနှင့် ကြုံကြရသည်ဟု သိရသည်။
“ရဲဘော်တွေ ဖျားတယ်ဆိုတာက များသောအားဖြင့် မိုးထိ အအေးမိလို့ ဖျားတာ ခပ်များများပါ။ လက်ရှိမှာလည်း၃ လနီးပါး တိုက်ပွဲဝင်နေရတာတစ်ကြောင်း၊ စားကောင်းသောက်ကောင်း မစားရလို့ ကိုယ်ခံအား မကောင်းတာကတစ်ကြောင်း စိုးရိမ်ရတဲ့အပြင် လက်ရှိ နေ့နေ့ညည မိုးရွာလို့ အအေးမိပြီး ဆက်လက် မတောင့်ခံနိုင်မှာ အရမ်းစိုးရိမ်ရပါတယ်။
တောထဲမှာ နေအိမ်ထဲမှာလို မလုံခြုံရင်တောင် မိုးကာလေး အကာအကွယ်ရှိရင် အများကြီး ခံသာပါတယ်။ ရဲဘော်အယောက် ၁၀၀ အတွက် မိုးကာလေး တတ်နိုင်သလောက် အကူအညီ တောင်းချင်ပါတယ်” ဟု မိုးဗြဲ PDF တပ်ရင်း၂ က အကူအညီ တောင်းခံထားသည်။
ရဲဘော်များ လိုအပ်သည့် မိုးကာအင်္ကျီအတွက် တစ်ထည်လျှင် ကျပ် ၁၅၀၀၀ နှုန်းဖြင့် ကျပ် ၁၅ သိန်း လိုအပ်ပြီးMOBYE PDF 2 ထံတိုက်ရိုက် ဆက်သွယ်ကူညီနိုင်သည်ဟု ခွန်သိန်းဦးက ပြောသည်။
ဖယ်ခုံနှင့် ပင်လောင်းမြို့နယ်တို့တွင် ဖြစ်ပွားနေသည့် ၃ လအကြာ တိုက်ပွဲတွင်း၌ မိုးဗြဲ PDF တပ်ရင်း၂ မှ ရဲဘော် နှစ်ဦး ကျဆုံး၍ ရဲဘော် သုံးဦး ခြေထောက် ဆုံးရှုံးထားရကာ အခြား ရဲဘော် ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ယခုလ အစပိုင်းတွင်လည်း ပင်လောင်းမြို့နယ် တောင်စလုံးကျေးရွာတွင် တိုက်ပွဲများ ပြင်းထန်ဖြစ်ပွားခဲ့ပြီး KNDF တပ်ရင်း ၁၁ မှ တပ်ရင်းမှူးနှင့် အခြား ရဲဘော် နှစ်ဦး၊ KNDF တပ်ရင်း ၈ မှ အထူးကွန်မန်ဒိုတပ်စုမှူး
စသည့် KNDF ရဲဘော် လေးဦး ကျဆုံးထားသည်။
ဖယ်ခုံနှင့် ပင်လောင်းမြို့နယ်အတွင်း တိုက်ပွဲများ၌ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးများကို အလွန်အကျွံအသုံးပြုနေသည့်အပြင် လေကြောင်းမှလည်း အကြိမ် ၁၀၀ ထက်မနည်း လာရောက်တိုက်ခိုက်ခဲ့သည်ဟု ပူးပေါင်းစစ်ကြောင်းများထံမှ သိရသည်။
ကရင်နီအပါအဝင် လက်ရှိတိုက်ပွဲများ ဖြစ်ပွားနေသည့် ရှမ်းတောင်ပိုင်းတွင် ဒဏ်ရာရ ရဲဘော်များအတွက် ကုသရန်နှင့် ဆေးဝါးတို့အတွက်အခက်အခဲများ ရှိနေပြီး သယ်ယူရန်အတွက်လည်း စစ်ကောင်စီက ဆေးဝါးများကိုပိတ်ဆို့ကန့်သတ်ထားသည်ဟု သိရသည်။
ပုံစာ–အမိုးအကာ မလုံလောက်မှုနှင့်ကြုံတွေ့နေရသည့် မိုးဗြဲ PDF တပ်ရင်း၂ ရဲဘော်များ။
********************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1039
YouTube -> https://youtu.be/xt0SgZzGK9A
Website -> https://thanlwinkhet.net/?p=4274
Website ->https://eng.thanlwinkhet.net